လက်နက်ကြီးကျသည့် စစ်တွေ အ.ထ.က (၄) စာသင်ကျောင်း ၁ ပတ် ယာယီပိတ်ထား

လက်နက်ကြီးကျသည့် စစ်တွေ အ.ထ.က (၄) စာသင်ကျောင်း ၁ ပတ် ယာယီပိတ်ထား

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄) စာသင်ကျောင်းကို ၁ ပတ်ကြာ ယာယီပိတ်ထားကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ အ.ထ.က (၄) စာသင်ကျောင်းတွင် စက်တင်ဘာလ ၈ ရက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကျောင်းကို ၁ ပတ် ယာယီပိတ်ထား ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့တွင်းရှိ အခြား စာသင်ကျောင်းများအားလုံးမှာမူ ပုံမှန် ကျောင်းဖွင့်လှစ် သင်ကြားလျက် ရှိသည်။

“လက်နက်ကြီးကျတဲ့နေ့ကတော့ စာသင်ကျောင်းတွေ အကုန်လုံး ကျောင်းလွှတ်လိုက်ရတဲ့ အနေအထား ရှိတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးတွေကို ကျောင်းက အပြေးအလွှား သွားခေါ်ကြတာပေါ့။ အခုတော့ အထက (၄) စာသင်ကျောင်းတစ်ကျောင်းပဲ ခုနှစ်ရက် ပိတ်ထားတာ။ တခြားစာသင်ကျောင်းတွေ အကုန်လုံး ကျောင်းတက်ရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး မြို့တွင်း ဒေသခံ များမှာ စိုးရိမ်ထိတ်လန့်နေကြသည်။

လက်ရှိတွင် စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ် ဈေးနှုန်းမှာလည်း ကျပ် ၄ သိန်းခွဲ၊ ၅ သိန်းဝန်းကျင်မှ ကျပ် ၇ သိန်းအထိ ဈေးနှုန်း မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

ထို့ပြင် စစ်တွေမြို့ပြင်ရှိ စစ်တွေနည်းပညာ တက္ကသိုလ်ကိုလည်း ပြည်တော်သာရပ်ကွက်ရှိ စစ်တွေကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွှေ့ သင်ကြားနေကြောင်းလည်း ဆိုသည်။

တိုက်ပွဲများကြောင့် စစ်တွေမြို့ခံများမှာ အခြားနေရာများသို့ စစ်ဘေးတိမ်းရှောင်လိုသော်လည်း စစ်အုပ်စုတပ်၏ ပိတ်ဆို့ထားမှုနှင့် ငွေကြေးအခက်အခဲတို့ကြောင့် ပိတ်မိနေကြသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “စိုးရိမ်မှုကတော့ ရှိတာပေါ့။ ဒါပေမဲ့ စစ်တွေမြို့က ထွက်ခွာဖို့အတွက် လေ ကြောင်းလိုင်း တစ်ခုပဲ ရှိတာလေ။ နောက်ပြီး လေယာဉ်ဈေးနှုန်းတွေကလည်း မြင့်တက်လာနေတော့ ငွေကြေး မတတ်နိုင်တဲ့ မိသားစုတွေအတွက် ထွက်သွားဖို့ အဆင်မပြေဘူး။ ကြောက်ရင်လည်း နေရတာပေါ့” ဟု ပြော သည်။

စစ်တွေမြို့နယ်တွင် စက်တင်ဘာလ ၄ ရက်နေ့မှစတင်၍ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တွေမြို့တွင်း တပ်ရင်း များမှ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ် ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင် မြို့နယ်စပ်မှ ဒေသခံ ထောင်နှင့်ချီ၍ ဘေးလွတ် ရာသို့ တိမ်းရှောင်နေကြရသည်။

ပုံစာ – စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းကို တွေ့ရစဉ် / ပုံဟောင်း။ (ဓါတ်ပုံ - Tin Nyein Oo)

Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...