ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ် ရေကာတာ နောက်ထပ်တစ်နေရာ၌ အိကျလျောဆင်းမှု ဖြစ်ပွားသဖြင့် အရေးပေါ် ပြုပြင်မှုများ ဆောင်ရွက်နေရ ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ ၃ ရက် နံနက် ၁၀ နာရီခန့်က လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် ၂၀/၀ (+၂၀၀) နေရာတွင် တာအိကျ လျောဆင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သဲအိတ်ဖို့ခြင်းနှင့် ဝါးတုတ်ရိုက်ခြင်းများကို လုပ်ဆောင်နေရသည်။
မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “ ပေ ၅၀ လောက် အိကျသွားတယ်တဲ့။ အခုတော့ ပြင်နေကြပါတယ်။ ကျိုးတာမဟုတ်ပါဘူး” ဟု ပြောသည်။
လက်ရှိ တာအိကျမှု ဖြစ်ပွားသည့်နေရာသည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကျိုးကျခဲ့သော မြစ်ကျိုးကျေးရွာ အနီးရှိ ငဝန်မြစ်ရေကာတာနှင့် ၅ မိုင်ကျော်ခန့်သာ ကွာဝေးသည်။
အဆိုပါ ရေကာတာကျိုးကျမှုကြောင့် လက်ရှိအချိန်အထိ ၁ လကျော်ကြာသည်အထိ လေးမျက်နှာ၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော် စသည့်မြို့နယ်များအပါအဝင် အနီးအနား ဒေသများ၌ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေသည်။
အလားတူ ညောင်တုန်းမြို့နယ်အတွင်းရှိ ချောင်းဖျားတာသည်လည်း ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ မြစ်ရေတိုက် စားပြီး မြေသား တအိအိ ပြိုကျနေသဖြင့် သဲအိတ်ဖို့ခြင်း၊ ဝါးတုတ်ကာခြင်းနှင့် အရန်တာဘောင်များ ပြင်ဆင် ခြင်းတို့ လုပ်ဆောင်နေရသော်လည်း မိုးရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ထပ်မံပြိုကျမည်ကို ဒေသခံ များက စိုးရိမ်လျက်ရှိကြသည်။
ထို့ပြင် ဩဂုတ်လအတွင်း၌လည်း မြန်အောင်မြို့နယ်ရှိ ရေလဲလေး ရေကာတာ၊ မန်ကျည်းစုတာနှင့် ဇလွန်မြို့နယ် ရှိ ညောင်ပင်သာ ရေကာတာတို့တွင် ရေယိုစိမ့်မှုများ ဖြစ်ပွားခဲ့သဖြင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရသည်။
ယခု မြေသားအိကျ၍ ပြုပြင်နေရသည့် ထိန်ငူတာသည် ၁၉၉၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း ကျိုးကျဖူးပြီး မြို့နယ်အများအပြား ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။







