စစ်အုပ်စုတပ် ပစ်ခတ်မှုကြောင့် ရခိုင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှုများလာ

စစ်အုပ်စုတပ် ပစ်ခတ်မှုကြောင့် ရခိုင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးမှုများလာ
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်၍ သမိုင်းဝင် ဘုရားပုထိုးများကို တိုက်ခိုက်ဖျက်ဆီးနေသဖြင့် ရှေးဟောင်းအမွေအနှစ် ပျက်စီးဆုံးရှုံး မှုများ ပိုမိုများပြားလာနေသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဂူဝဘုရားကို စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စေတီပုထိုးများ၊ ရုပ်ပွားတော်များနှင့် ရဟန္တာငါးရာ ရုပ်တုများ ပျက်စီးခဲ့ရသည်။

လက်ရှိ စစ်တွေ - ပုဏ္ဏားကျွန်း အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက စစ်တွေအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်နေသကဲ့သို့ လေကြောင်းမှလည်း အပြင်း အထန် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ပွဲဆိုင်ရာ ဥပဒေအရ ကာကွယ်ပေးရန် ပြဋ္ဌာန်းထားသည့် သမိုင်းဝင် အမွေအနှစ်များကို စစ်အုပ်စုတပ်က ပစ်ခတ်ဖျက်ဆီးနေမှုအပေါ် ပုဏ္ဏားကျွန်း ဒေသခံများက အပြင်းအထန် ရှုတ်ချထားကြသည်။

ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲဖြစ်လို့ အပြန်အလှန်ပစ်ခတ်တာ မဆန်းပေမယ့် အရပ်သား နေရာတွေနဲ့ ရှေးဟောင်းအမွေအနှစ်နေရာတွေကို ဗုံးကြဲပစ်ခတ်ဖျက်ဆီးတာက လုံးဝ စက်ဆုပ်ဖို့ ကောင်းတဲ့ လုပ်ရပ်ပါ” ဟု ပြောသည်။

ဂူဝဘုရားသည် စစ်တွေ - ပုဏ္ဏားကျွန်း ကားလမ်းဘေးတွင် တည်ရှိပြီး နှစ်ပေါင်း ၄၅၀ အထက် သက်တမ်းရှိ သည့် သမိုင်းဝင် အမွေအနှစ်တစ်ခု ဖြစ်သည်။ အဆိုပါ ဂူဝဘုရားကို အေဒီ ၁၅၃၁ တွင် မင်းဗာဘုရင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်ရှိ ဂူဘုရား ၉ လုံးအနက် တစ်လုံးအပါအဝင် ဖြစ်သည်။

ရခိုင်တိုက်ပွဲကာလအတွင်း စစ်အုပ်စုတပ်၏ တပ်စွဲနေထိုင်မှုနှင့် ပစ်ခတ်ဖျက်ဆီးမှုများကြောင့် သမိုင်းဝင် ဘုရားပုထိုး စေတီများနှင့် ရှေးဟောင်းအမွေအနှစ် အများအပြား ပျက်စီးလျက်ရှိသည်။

ထိုသို့ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များကို ပစ်ခတ်ဖျက်ဆီးကာ စစ်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေ သည့် စစ်အုပ်စုတပ်၏ လုပ်ရပ်များအပေါ် ကုလသမဂ္ဂအနေဖြင့် နှုတ်ဆိတ်မနေဘဲ ပြင်းထန်သည့် အရေးယူ မှုများ လုပ်ဆောင်ပေးရန် ရခိုင်ပြည်သူများက တောင်းဆိုကြသည်။

မြောက်ဦးဒေသခံ လူငယ်တစ်ဦးက “စစ်ကောင်စီဟာ ဟိဂ်ကွန်ဗင်းရှင်းကို လူသိရှင်ကြားချိုးဖောက်တာ တွေ့ နေရပါတယ်။ တကယ်တော့ အဲလို သမိုင်းဝင်နေရာတွေမှာ အာရက္ခတပ်တော်က စစ်ရေးဖော်ဆောင်တာ လုံးဝ မတွေ့ရပါဘူး။ အနီးစပ်ဆုံး မြောက်ဦးမြို့သိမ်းတိုက်ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ သမိုင်း အထောက်အထား ယဥ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးနေတာပါ။ ဒီအချက်တွေက ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ရဲ့ ချိုးဖောက်မှုမှတ်တမ်းတွေထဲမှာ ထပ်ထည့်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုးများထဲ  တွင် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှုပြတိုက်၊ သင်းကျစ်တောင်စေတီ၊ လင်းမြွေတောင်ဘုရား၊ ရွှေတောင်စေတီ၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရား၊ ရမ်းဗြဲမြို့ရှိ သိမ်တောင်ဘုရားနှင့် ကိုရံတောင်ဘုရားတို့ ပါဝင်သည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံစေတီ၊ ရသေ့တောင်မြို့ရှိ ရသေ့တောင်နှင့် ကျောက်တော်တောင် စသည့် သမိုင်းဝင် ဘုရားပုထိုးများမှာလည်း လပေါင်းများစွာ တပ်စွဲနေထိုင်မှု၊ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုဒဏ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အစားထိုးမရနိုင်သော သမိုင်းဝင် အမွေအနှစ်များဖြစ်သည်။

ထိုသို့ ထိခိုက်ပျက်စီးခဲ့ရသည့် သမိုင်းဝင် ဘုရားပုထိုး စေတီများနှင့် ရှေးဟောင်းအမွေအနှစ်နေရာများကို နယ် မြေ မတည်ငြိမ်မှုနှင့် စစ်အုပ်စုတပ်၏ လေကြောင်း အန္တရာယ်များကြောင့် ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ခြင်း မရှိသေးဘဲ သဘာဝဘေးဒဏ်ကြားတွင် ပိုမိုယိုယွင်း ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “လက်ရှိမှာ နိုင်ငံတကာအသိအမှတ်ပြုမှု ရဖို့ ကြိုးစားနေရတဲ့အချိန် ရှေးဟောင်းနေရာတွေကို ထိန်းသိမ်းဖို့ နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်တွေ အများကြီးရှိတယ်။ လက်ရှိ မှာ ULA အစိုးရအနေနဲ့ တိုက်ပွဲကာလဖြစ်တဲ့အတွက် တစိုက်မတ်မတ် ပြုပြင်ထိန်းသိမ်းဖို့ မတတ်နိုင်သေးဘူး ဆိုပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လိုအထိအရှနည်းအောင် ကိုင်တွယ်ထိန်းသိမ်းမလဲ ဆိုတာကို စဉ်းစားပြီး ကိုယ်လုပ်နိုင်စွမ်း ရှိသလောက်တော့ ထိန်းသိမ်းသင့်တယ်” ဟု ပြောသည်။

ဘုရားပုထိုး စေတီများ အပါအဝင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို စစ်ပွဲအတွင်း အကာ အကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသော်လည်း စစ်အုပ်စုတပ်က လိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။

စစ်အုပ်စုတပ်သည် နိုင်ငံတစ်ဝန်းတွင် အရပ်သား နေထိုင်ရာနေရာများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများပါမကျန် လေကြောင်းမှ တိုက်ခိုက်၍ လူ့အခွင့်အရေးများ ချိုးဖောက်နေသဖြင့် နေ့စဉ် နှင့်အမျှ ထိခိုက်သေဆုံးမှုများ မြင့်တက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှု အားနည်းနေသဖြင့် စစ်အုပ်စုတပ်သည် ၎င်းတို့ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ လွတ်ကင်းကာ ဆက်လက် ကျူးလွန်ခွင့် ရရှိနေခြင်းလည်းဖြစ်သည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...