စစ်မှုထမ်းပြီးသူများကို အလုပ်အကိုင် ရရှိမည်ဟု စစ်အုပ်စုက မက်လုံးပေး ဝါဒဖြန့်

စစ်မှုထမ်းပြီးသူများကို အလုပ်အကိုင် ရရှိမည်ဟု စစ်အုပ်စုက မက်လုံးပေး ဝါဒဖြန့်
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး အတွက် စစ်အုပ်စု ထောက်ခံသည့် တယ်လီဂရမ်ချန်နယ် အချို့တွင် အလုပ်ခေါ်စာများနှင့် မက်လုံးပေး၍ ဝါဒဖြန့် လျက်ရှိသည်။

နိုင်ငံတော် ကာကွယ်ရေးတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများ က အလုပ်အကိုင် ကမ်းလှမ်းနေသည်ဟုဆိုကာ အလုပ်အကိုင် အမျိုးအစား၊ လစာနှုန်းထား၊ အချိန်ပိုကြေး၊ လူမှုဖူလုံရေးနှင့် အထွေထွေ အကျိုးခံစားခွင့်များကို ဖော်ပြလာခြင်း ဖြစ်သည်။

စစ်မှုထမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းများမှာ စိတ်ဓာတ် ခံယူချက် ကောင်းမွန်ခြင်း၊ စစ်ပညာ တတ်မြောက်ခြင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် ကျန်းမာရေး ကောင်းမွန်သူများ ဖြစ်ခြင်းကြောင့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ပိုမို ခန့်အပ်လိုသည်ဟု မက်လုံးပေးထားသည်။

အထူးသဖြင့် လုံခြုံရေး ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ရန် သတ်မှတ်ကာလ ပြည့်မြောက်ပြီး ပြန်လာသူ များကို ဦးစားပေး ခေါ်ယူနေသည်ဟုဆိုကာ လုံခြုံရေး ကုမ္ပဏီအချို့၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များကိုပါ ဖော်ပြ ထားသည်။

ထို့ပြင် မိုးကြိုးလွှဲ တပ်ဆင်ခြင်း၊ လမ်းမီး တပ်ဆင်ခြင်း၊ Earth Box တပ်ဆင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း လျှောက်ထားနိုင်ကြောင်း အသိပေးထား သည်။

သို့သော် ဖော်ပြပါ ကုမ္ပဏီများမှာ မြေပြင်တွင် တကယ် ရှိ၊ မရှိနှင့် စစ်မှုထမ်းများကို အမှန်တကယ် အလုပ်ခန့် အပ်ခြင်း ရှိ၊ မရှိကို သံလွင်တိုင်းမ် အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

တစ်ဖက်တွင်လည်း စစ်မှုထမ်း တာဝန်ကျေပြီး ပြန်လာသူများကို မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိ သူများနှင့် ပြည်သူများက ပန်းကုံးများ၊ ငွေကြေးများနှင့် ထမ်းစင်ဖြင့် ကြိုဆို ဂုဏ်ပြုသည့် ဗီဒီယိုများကို TikTok အကောင့်များတွင် ဖော်ပြလျက်ရှိသည်။

မွန်ဒေသခံ ပြည်သူတစ်ဦးက “ကျနော်တို့ဘက်ခြမ်းမှာကျတော့ အဲဒီလိုမျိုး သူတို့အပြောပဲလေ။ လက်တွေ့ မှာကျတော့ မတွေ့ရဘူးပေါ့နော်။ နောက်သူတို့ အဲဒီလို လုပ်တာကလည်း သူတို့အချင်းချင်း လူတွေပဲ လုပ်တာ ပေါ့။ ဒီဘက်နယ်မှာကျတော့ အဲဒီလိုမျိုး ပြန်လွှတ်ပေးတာတို့ ဘာတို့ သိပ်ပြီးတော့ မကြားမိဘူးလေ။ ဘယ်သူမှ လည်း အယုံအကြည်မရှိပါဘူး။ (အလုပ်အကိုင်) ပေးမှာလည်း မဟုတ်ဘူး ကျနော်ထင်တာ သူတို့ စကားလှ အောင်ပဲ ပြောတာ” ဟု ပြောသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နည်းလမ်းမျိုးစုံဖြင့် တပ်သား စုဆောင်းခဲ့ရာ လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၂၅ အထိ သင်တန်းဆင်းထားပြီး အပတ်စဉ် ၄ အထိ သတ်မှတ် ကာလ ပြည့်မြောက်ထားပြီ ဖြစ်သည်။

စစ်အုပ်စုက စစ်မှုထမ်း ၂ နှစ်ပြည့်သူများကို အစိုးရနှင့် ပုဂ္ဂလိကတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး စီမံ ဆောင်ရွက်ပေးနေသည်ဟု သတင်းစာများမှတစ်ဆင့် ဆက်တိုက် ဝါဒဖြန့်နေသော်လည်း စစ်အုပ်စု၏ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောဆိုချက်အရ အပတ်စဉ် ၄ အထိ စစ်မှုထမ်းပြီးသူများအနက် တပ်သား ၈ ဦးကိုသာ အလုပ်အကိုင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

အပတ်စဉ် တစ်ခုလျှင် တပ်သား ၅,၀၀၀ နှုန်း စုဆောင်းနေသည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလွန် နည်းပါး လှသည်။

ထို့ပြင် နေရပ်သို့ ပြန်လွှတ်သည့် တပ်သား အရေအတွက်ကိုလည်း စစ်အုပ်စုက ထုတ်ပြန်ခြင်း မရှိသဖြင့် တိုက်ပွဲ အတွင်း ထိခိုက်သေဆုံးမှု ပိုများနိုင်ကြောင်း CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ထားသည်။

September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...