ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း လောင်းကစား ကြော်ငြာများ၊ စာတိုပေးပို့မှုများနှင့် ခြိမ်းခြောက်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရကြောင်း ကချင်ဒေသတွင်း မိုဘိုင်းဖုန်း အသုံးပြုသူများက ပြောသည်။
အဆိုပါ ကိစ္စရပ်များကို လူကြီးလူငယ်မရွေး SIM ကတ် ထည့်သွင်းထားသူတိုင်း ကြုံတွေ့နေရခြင်းဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရရုံမျှမက လူမှုဘဝ ထိခိုက်မှုများပါ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားဒေသခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “ဦးလေးတောင်မသိလို့ ခြိမ်းခြောက်ခံရ သေးတယ်။ ဘန်ကောက်ကလို့ပြောတာပဲ လာမိတ်ဆက်တာ။ ဦးလေး Viber ထဲကို မက်ဆေ့က ခနခနဝင်နေလို့ လှမ်းမေးလိုက်တာပါ။ သူတို့ပြောခဲ့တာတော့ မြန်မာနိုင်ငံအွန်လိုင်းအေဂျင်စီတဲ့ တရားဝင်ဆိုပြီးပြောတာ။ (Link) လင့်တွေကို နှိပ်ခိုင်းတာ ဆက်ဆက်ပြီးနှိပ်ခိုင်းတာ။ အဲလိုနဲ့ နှစ်ရက်သုံးရက်ကြာတော့ ပြဿာနာပေါ် လာပြီ။ အချိန်ပြည့် ညလည်းမအိပ်ရဘူး ခလုတ် (Link)တွေ၊ ဆော့ဝဲလ်တွေကို နှိပ်ခိုင်းနေတာ” ဟု ပြောသည်။
ယခုလပိုင်းအတွင်း အွန်လိုင်းလိမ်လည်မှု ပြုလုပ်သည့် ပုံစံများမှာ “ပြောချင်တာတစ်ခုရှိလို့” ဆိုသည့် စာတိုများ ပေးပို့ခြင်း၊ လောင်းကစားဂိမ်း ကြော်ငြာများကို ဖုန်းနံပါတ် အမျိုးမျိုးဖြင့် ပေးပို့ခြင်းအပြင် Facebook စာမျက်နှာများနှင့် အွန်လိုင်းစျေးဆိုင် (Online Shop) များ၏ တိုက်ရိုက်ထုတ်လွှင့် ရောင်းချမှု (Live Sale) မှတ်ချက်များအောက်တွင် ဝယ်ယူသူများကို ဆိုင်ရှင်အသွင်ယူ၍ ငွေလွှဲခိုင်းကာ လိမ်လည်ခြင်းများ ပါဝင်သည်။
ဖားကန့်ဒေသခံတစ်ဦးက “တချို့တွေက တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားကြတာ အလိမ်ခံရတာတွေပေါနေတယ်။ မှော်ထဲမှာလည်းအများကြီး ပိုဆိုးတယ်။ ဘာမှနားမလည်ကြတဲ့သူတွေက ပိုခံရတာပါ့။ Viber ကို ဖျက်ထား လိုက်ပြီ၊ မသုံးတော့ဘူးရှုပ်လို့။ KPay အကောင့်တော့သူတို့ဝင်သွားလို့ အကောင့်ရှင်းထားလိုက်ပြီ အကုန်ပြန် ဖောက်ရမှာ” ဟု ပြောသည်။
အဆိုပါ ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်း ငွေကြေးလိမ်လည်မှုများအပြင် လိမ်လည်သူများက အလိမ်ခံရသူများ၏ ရုပ်ပုံများကို အမျိုးမျိုး အကြောင်းပြကာ အွန်လိုင်းပေါ်တွင် လူသိရှင်ကြား ဖြန့်ဝေပြီး ခြိမ်းခြောက် ငွေညှစ် တောင်းခံမှုများပါ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ပြဿနာများကို ကချင်ပြည် အပြင် တစ်နိုင်ငံလုံးရှိ နေရာအနှံ့အပြား၌ ကြုံတွေ့နေရခြင်းဖြစ်ပြီး ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းပေးရန် အွန်လိုင်း အသုံးပြုသူများက စစ်အုပ်စု လက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားသည်။







