ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး အဆိုပါအထဲတွင် စဝ်အောင်မောင်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
၁၉၆၄ ခုနှစ်တွင် မြန်မာပြည်မြောက်ပိုင်း မိုးကောင်းမြို့၌ စဝ်အောင်မောင်းကို မွေးဖွားခဲ့ပြီး ရှမ်းနီ လူမျိုး အသိုင်း အဝိုင်းများကြား၌ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ‘စဝ်အောင်မောင်း’ ဟု နာမည်မခေါ်ဆိုမီ ၎င်း၏ ငယ်မည်မှာ ‘စိုင်းအောင်ကြီး’ ဖြစ်သည်။
ပညာရေးတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်သဖြင့် မန္တလေးတက္ကသိုလ်၌ စိတ်ပညာ (Psychology) ဘာသာရပ်ကို အထူးပြု သင်ယူခဲ့သည်။ အဆိုပါ ပညာရပ်ကို နောင်တစ်ချိန်တွင် သျှမ်းနီ လူငယ်များနှင့် ဒေသခံများကြား ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ၌ ပြန်လည် အသုံးချသွားခဲ့သည်။
ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင် အဆင့်မှ ပါဝင်ခဲ့ပြီး ကျောင်းသားတပ် မတော် ABSDF (မြောက်ပိုင်း) ၏ ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တောခိုခဲ့ပြီး ABSDF (NB) သို့ ဝင်ရောက်ကာ လက်နက်စွဲကိုင် တော်လှန်ရေး လမ်းစဉ်အတွင်း ခုန်ဝင်လာခဲ့သည်။
ကျောင်းသားတပ်မတော်၌ ၁၀ နှစ်တာ ပါဝင်ခဲ့ပြီးနောက် အခြေအနေ အမျိုးမျိုးကြောင့် သျှမ်းပြည်ဘက်သို့ ရွှေ့ပြောင်းလာခဲ့ပြီး သျှမ်းတပ်မတော် အသီးသီးတွင် ပါဝင်လာခဲ့သည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA က ၁၉၉၆ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရယူလိုက် သောကြောင့် ABSDF (NB) အတွင်းရှိ ရှမ်းနီ ကျောင်းသားများသည် နေရာရွှေ့ပြောင်းခဲ့ကြရသည်။
ထိုအထဲမှ စဝ်အောင်မောင်းသည် ရှမ်းပြည်အမျိုးသား တပ်မတော် (SSNA) ၏ အကူအညီကို ရယူကာ ရှမ်းပြည် တောင်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။
၁၉၉၈ ခုနှစ် ရောက်ရှိ ပူးပေါင်းမှုကို ‘ရှမ်းအမျိုးသား တော်လှန်ရေးတပ်များအတွက် စည်းလုံးညီညွတ်ရေး စံပြ’ အဖြစ် ရှမ်းတော်လှန်ရေး မှတ်တမ်း ရေးသားသူများက ရေးသားဖော်ပြကြသည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပူးပေါင်းပြီးနောက် တိုက်ပွဲ အလီလီတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင် တိုက်ပွဲဝင်ခဲ့သည်။ ၁၉၉၀ ခုနှစ် "ဆိုင်းနမ့်" တိုက်ပွဲနှင့် ၁၉၉၁ ခုနှစ် ‘ကြယ်ပျံ’ စစ်ဆင်ရေး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
၁၉၉၈ ခုနှစ်မှ စတင်ကာ ၂၀၀၈ ခုနှစ်အထိ RCSS/SSA တွင် ဗိုလ်မှူးရာထူးဖြင့် တပ်မဟာ ၂၄၁ ၏ ဒုတိယ တပ်မဟာမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် တိုင်းရင်းသား ညီနောင် စစ်ရေးမဟာမိတ်တပ်များ အရာရှိသင်တန်းကျောင်း နည်းပြ၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ Shan State Development Foundation (SSDF/RCSS) သင်တန်းကျောင်း၏ နည်းပြ အဖြစ် တာဝန်ယူခဲ့သည်။
မြေပုံဘာသာရပ်၊ စစ်ရေးမဟာဗျူဟာ လေ့လာရေးနှင့် အထူးတပ်သားများ သင်တန်းများတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနောက်ပိုင်း ၂၀၁၁ ခုနှစ်မှစ၍ RCSS/SSA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်အဖြစ် ပါဝင်ခဲ့ ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်အထိ ပြုလုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ သည်။
ထို့ပြင် RCSS/SSA ၏ ဆက်ဆံရေးရုံး တာဝန်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၎င်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ စဝ်အောင်မောင်းသည် ရှမ်းနီ လူမျိုးအဖြစ် ဂုဏ်ယူစိတ်ရှိပြီး ဇွဲ၊ သည်း ခံစိတ်၊ ပွင့်လင်းစွာ ဆွေးနွေးတတ်သည့် သဘောထားကြောင့် ရှမ်းအင်အားစု အားလုံး၏ ယုံကြည်မှုကို ရရှိခဲ့သူ ဖြစ်သည်။
‘လူမှန်နေရာမှန်’ ဆိုသည့် စကားအတိုင်း ရှမ်းနီ အမျိုးသားရေးနှင့် ရှမ်းစည်းလုံးရေး နှစ်ခုစလုံးတွင် တစ်ချိန် တည်း အကျိုးရှိစွာ ပါဝင်နိုင်ခဲ့သူ ဖြစ်ကြောင်း ဆိုကြသည်။
ရှမ်းနီဒေသနှင့် ဝေးကွာသွားခဲ့သည့် စဝ်အောင်မောင်းသည် ရှမ်းနီဒေသများသို့ ၂၀၁၄ - ၂၀၁၅ ခုနှစ်တွင်မှ ပြန် လည် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း အချိန်ကောင်းကို ကျန်းမာရေးက အနှောင့်အယှက် ပြုလာခဲ့သည်။
နေရပ် မိုးကောင်း အပါအဝင် ရှမ်းနီဒေသ အနှံ့အပြားသို့ ခရီးဆန့်ကာ မြေပြင် ရှမ်းနီ တိုင်းရင်းသားများ၏ အခြေအနေကို လေ့လာခဲ့သည်။
ထို့နောက် အသည်းရောဂါကြောင့် ထိုင်းနိုင်ငံ၌ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်ခဲ့သည်။
“အမျိုးသားရေးအတွက် လိုအပ်တဲ့ကွက်လပ်တွေမှာ ငါတို့အမြဲရှိကြမယ်” ဆိုသည့် စကားကို ထားရစ်ခဲ့ကာ ရှမ်းနီဒေသနှင့် ရှမ်းပြည်အရေးကို နှုတ်ဆက်သွားခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ရှမ်းနီ တိုင်းရင်းသားများ အတွက် ကြီးမားသည့် ဆုံးရှုံးမှုများအနက် တစ်ခုဖြစ်ကြောင်း ရှမ်းနီ တော်လှန်ရေးတပ်သားများက ပြောဆို လျက်ရှိသည်။
(ကိုးကား - RCSS/SSA Data)
ဓာတ်ပုံ - (စဝ်အောင်မောင်း၏ ငယ်စဉ်အခါက မှတ်တမ်းဓာတ်ပုံ။ / Crd)







