မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ စောင့်ဆိုင်းနေရသဖြင့် အရေးပေါ် ခရီးသွားလိုသည့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေကြရသည်။
တရားဝင် လေကြောင်းလိုင်းများ၏ ဝက်ဘ်ဆိုက် စာမျက်နှာများမှတစ်ဆင့် လက်မှတ် ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ လက်မှတ်ဝယ်ယူရန် မလွယ်ကူသည့် အခြေအနေများ ရှိနေသည်။
လေယာဉ်ခုံနေရာ ပြည့်နေမှုနှင့် သတ်မှတ်ထားသည့် ဝက်ဘ်ဆိုက်များမှ မဝယ်ယူတတ်ခြင်းတို့ကြောင့်လည်း ခရီးသွားများ အခက်ကြုံနေကြရသည်။
မြစ်ကြီးနား ဒေသခံတစ်ဦးက “ဝယ်ရတော့ခက်တယ်။ တချို့တွေကျတော့ သူတို့အချိတ်အဆက်နဲ့ ဝယ်ကြတာ လေ၊ အဲ့လိုတချို့ကြတော့လည်း ဝက်ဘ်ဆိုက်က မဝယ်တတ်တဲ့ လူတွေလည်းရှိတော့ Agent တွေကတော့ လိုတာပဲလေ။ စောင့်တော့ စောင့်ရတာပေါ့” ဟု ပြောသည်။
ထို့ကြောင့် လေကြောင်းလိုင်း ကိုယ်စားလှယ် (Agent) များထံမှတစ်ဆင့် ဈေးပိုပေး၍ ဝယ်ယူနေကြရကြောင်း ဆိုသည်။
ပြည်တွင်းလေကြောင်းလိုင်း တရားဝင် ဝက်ဘ်ဆိုက်မှ ဝယ်ယူပါက ကျပ် ၆ သိန်းကျော်မှ ကျပ် ၇ သိန်း နီးပါးအထိသာ ကျသင့်သော်လည်း Agent များထံတွင် ဝယ်ယူပါက ကျပ် ၁၀ သိန်းကျော်ဖြင့် ဝယ်ယူနေရဆဲ ဖြစ်သည်။
ဇွန်လအတွင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လေကြောင်းလိုင်း ကိုယ်စားလှယ် (Agent) များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု သတိပေး ထုတ်ပြန်ခဲ့ဖူးသည်။
ထိုသို့ လက်မှတ်ဝယ်ယူမှု အခက်အခဲများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော်ထံ တင်ပြခဲ့ကြသော်လည်း တိကျသည့် အဖြေမရရှိသလို အရေးယူဆောင်ရွက်နိုင်ခြင်းလည်း မရှိဟု ဆိုသည်။
မြစ်ကြီးနားလေဆိပ်သို့ လူကိုယ်တိုင် သွားရောက်ဝယ်ယူသူများ၏ ပြောပြချက်အရ တစ်နေ့လျှင် လက်မှတ် ၂ စောင်မှ ၃ စောင်အထိသာ ရောင်းချပေးပြီး အများစုမှာ လချီ၍ ကြိုတင်ဘွတ်ကင် (Booking) ယူထားကြ ရသည်။
အဆိုပါ လက်မှတ် ဝယ်ယူရခက်ခဲမှုများကြောင့် အရေးပေါ် ဆေးကုသမှု ခံယူမည့် လူနာများအနေဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံများအကြား ပြောဆိုလျက်ရှိသည်။
ထို့ပြင် မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်း၌လည်း တိုက်ပွဲများ၊ မတည်ငြိမ်မှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ကွင်းလမ်းပိုင်းများ ပျက်စီး၍ လမ်းပိတ်ဆို့မှုများကြောင့် ခရီးကြန့်ကြာမှုများ ရှိနေသည်။
လက်ရှိတွင် ကချင်ပြည်မှ ဒေသခံများသည် အခြားမြို့များသို့ သွားလာရန်နှင့် အခြေခံစားသောက်ကုန်များ တင်သွင်းရန် ခက်ခဲနေသဖြင့် ကုန်စည်ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုများကိုပါ ကြုံတွေ့နေကြရသည်။
ဓာတ်ပုံ - ရှမ်းနီအသံ







