ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး ဌာနပေါင်း ၃၀၀ ခန့် လည်ပတ်နိုင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ၅၀ နီးပါးသာ ဖွင့်လှစ်နိုင်သေးသဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု နည်းပါးနေသေးသည်။
ချင်းပြည်တစ်ဝန်းလုံး လွှမ်းခြုံသည့် ကျန်းမာရေး အရင်းအမြစ်ဆိုင်ရာ အချက်အလက် ပြုစုခြင်းအရ ချင်းတော် လှန်ရေးအင်အားစုများ၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ၁၈ ဖွဲ့ရှိ ကျေးရွာပေါင်း ၈၂၉ ရွာ၌ ကျန်းမာရေး အဆောက် အအုံ ၃၀၀ ကျော်၊ ဆရာဝန်နှင့် သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၅၀ ခန့် ရှိရမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ရှာရွန်ပါရ် (Dr. Sharon Par) က “အာဏာမသိမ်းခင်က ကျန်း မာရေးဌာနက ချင်းပြည်နယ်တစ်ခုထဲမှာပဲ ၄၉၈ ခုထိ ရှိတယ်။ ဒါပေမယ့် ကျမတို့ရဲ့ အရင်းအမြစ် စစ်တမ်းအရ ဆိုရင် ကျမတို့အောက်မှာ ၃၀၀ လောက်ရှိတယ်။ တကယ့်တကယ် လည်ပတ်နိုင်တာ က ၃၀ ကနေ ၅၀ လောက် ပဲ ရှိတယ်။ အရမ်းကိုမှ နည်းတယ်။ ပြည်သူလူထုအပေါ် ဘယ်လောက်တောင်မှ လက်လှမ်းမှီမှု နည်းလည်းဆို တာကို ကျမတို့ နားလည်တယ်” ဟု ပြောသည်။
ထို့ပြင် “အဲဒါကြောင့် ဒီနှစ်နှစ်ခွဲအတွင်းမှာ ကျေးလက်ကျန်းမာရေးဌာနတွေကို တတ်နိုင်သလောက် တိုးချဲ့ ဖွင့် လှစ်နိုင်အောင် ကြိုးစားခဲ့တယ်။ ပြီးတော့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်တဲ့ ကျေးလက် ကျန်းမာ ရေးဌာနတွေမှာ ပေးနေတဲ့ စောင့်ရှောက်မှုတွေတင် မဟုတ်ဘဲနဲ့ ကျမတို့မှာ ဆေးရုံးတွေလည်း တိုးချဲ့ပြီး ဖွင့် လှစ်နိုင်ခဲ့တယ်” ဟု ဒေါက်တာ ရှာရွန်ပါရ် က ဆက်ပြောသည်။
လတ်တလောတွင် ရန်ပုံငွေနှင့် လူ့အရင်းအမြစ် ပေါ်မူတည်၍ ဒေသန္တရအစိုးရများနှင့် ပူးပေါင်းကာ ပြည်သူ့ ကျန်းမာရေးဌာနပေါင်း ၅၀ ကျော်ကို ထပ်မံဖွင့်လှစ်နိုင်ရန် နေရာများ ရွေးချယ်သတ်မှတ်ထားကြောင်း ဆိုသည်။
လက်ရှိတွင် ပြည်သူ့ကျန်းမာရေးဌာန ၃၀၊ ဆေးရုံ ၁၁ ရုံနှင့် အထူးကုဆေးရုံ ၁ ရုံတို့ကို ဖွင့်လှစ်ထားပြီး ချင်းပြည် သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလက်လှမ်းမီနိုင်ရေး တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ချင်းလဲန်းကျန်းမာရေးမူဝါဒနှင့် ကျန်းမာရေးစနစ် အုပ်ချုပ်မှု ကောင်းမွန်စေရန် ဖွဲ့စည်းပုံများကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်းဆိုသည်။
ဒေါက်တာ ရှာရွန်ပါရ် က “ကျမတို့က အရေးပေါ်ကိုပဲ တုံ့ပြန်ဆောင်ရွက်နေရင် စနစ်တစ်ခုက တည်ဆောက်နိုင် မှာ မဟုတ်ပါဘူး။ အဲဒါ ကြောင့် ကျမတို့က အခြေခံက စပြီးတော့ ကျန်းမာရေးစနစ်ကို တည်ထောင်ဖို့ ကြိုး စားနေတာ ဖြစ်ပါတယ်။ ကျန်းမာရေး လိုအပ်ချက်ပေါ် မူတည်ပြီးမှ ကျန်းမာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ သွား ချင်တာ ဖြစ်ပါတယ်။ အဲဒါကိုလည်း ဒီဒေသန္တရ အစိုးရတွေနဲ့ ကောင်းမွန်စွာ ချိတ်ဆက်ပြီး စသွားနေတာ ဖြစ်ပါ တယ်” ဟု ဆက်ပြောသည်။
ထို့ပြင် ဗဟိုအစိုးရ သို့မဟုတ် အဖွဲ့အစည်းများ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မိမိတို့ဒေသ၏ ကျန်းမာရေး လိုအပ်ချက်များပေါ် မူတည်၍ ဖော်ဆောင်သွားမည်ဖြစ်ကာ၊ ယင်းအတွက် ဒေသန္တရအစိုးရများနှင့်လည်း ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောသည်။
ချင်းကျန်းမာရေး သတင်းအချက်အလက်စနစ် အားကောင်းရေး၊ သူနာပြုကျောင်းနှင့် ဆေးတက္ကသိုလ် ဆက် လက်ဖွင့်လှစ်၍ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရေး၊ ကျန်းမာရေးပညာပေး အစီအစဉ်များ ဆောင်ရွက်ရေးနှင့် ဝန်ဆောင်မှု အရည်အသွေး စံသတ်မှတ်ချက်များ ချမှတ်ရေးတို့ကိုလည်း လုပ်ဆောင်နေ သည်။
သို့သော်လည်း ဘဏ္ဍာရေး ရှားပါးမှု၊ နိုင်ငံရေး မတည်ငြိမ်မှုများအပြင် စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက် မှုနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ကျန်းမာရေးပစ္စည်းများ၊ သင်တန်းကျောင်းများနှင့် ဝန်ဆောင်မှု များအပေါ် ထိခိုက်မှု များစွာရှိနေသည်။ ထို့ပြင် သဘာဝဘေးဒဏ်နှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများက လည်း သွားလာရခက်ခဲသည့် ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် အခက်အခဲများ ဖြစ်ပေါ်နေစေ သည်။
အဆိုပါ အခက်အခဲများကြားမှ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးရဲဘော်များ အပါအဝင် ချင်းဒေသခံပြည်သူ ၁၅၀ ဝန်းကျင်ကို ခြေတုလက်တုများ တပ်ဆင်ပေးနိုင်ခဲ့သည်။







