မင်းတပ်တွင် စစ်တပ် လေကြောင်းမှ ဗုံးကြဲ၍ ကလေး ၂ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံး

မင်းတပ်တွင် စစ်တပ် လေကြောင်းမှ ဗုံးကြဲ၍ ကလေး ၂ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံး
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)

ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လ ၃၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် တိုက်နယ်အမှတ် (၂) ထဲမှ ကျေးရွာတစ်ရွာ၏ နေရာ ၂ ခုကို စစ် တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟု ယူဆရသော ဗုံး ၄ လုံး အသုံးပြုကာ ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် KG မူလတန်းတက်ရောက်နေသော ကလေးငယ် ၁ ဦး၊ ၉ တန်း တက်ရောက်နေသော ကလေးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ရပြီး ဒေသခံအရပ်သား ပြည်သူ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများထဲတွင် ထိုကျေးရွာ၌ လာရောက်စစ်ဘေးရှောင်နေကြသည့် ပြည်သူများ ပါဝင်သကဲ့သို့ ပြည်သူ့နေအိမ် အလုံး ၂၀ ဝန်းကျင်ခန့် ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်အချို့မှာ မီးလောင်ပြာကျ သွားခဲ့သည်။

မင်းတပ်ဒေသခံတစ်ဦးက “ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းကို ခါတိုင်းထက် ပိုသတိထား ကြဖို့၊ လူစုလူဝေးရှောင်ဖို့နဲ့ မပေါ့ဆကြဖို့ လိုအပ်တယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားများနေထိုင်ရာ ကျေးရွာကို လေကြောင်းမှ ဗုံးကြဲ  တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ရခြင်း ဖြစ်ကြောင်း မင်းတပ်မြို့နယ်၊ တိုက်နယ်-၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

အပြစ်မဲ့ အရပ်သားပြည်သူများကို ဦးတည်သည့် ယခုကဲ့သို့ လူမဆန်သော အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံ ပြည်သူများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း တိုက်နယ်-၂ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဩဂုတ်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်အုပ်စုတပ်က မေလလယ်ကတည်းက အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်နှင့် မဟာမိတ်တပ်များက နှစ်လကျော်အထိ ခုခံတိုက်ခိုက် လျက်ရှိသည်။

စစ်အုပ်စုတပ်သည် ချင်းတောင်ပိုင်း ထိုးစစ်ကာလအတွင်း မင်းတပ်၊ ကန်ပက်လက် အပါအဝင် CPU/ CPA ထိန်း ချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း CPU/ CPA က ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...