ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး ရှေ့လုပ် ငန်းစဉ်အဖြစ် ပြင်ဆင်ဆောင်ရွက်နေကြောင်း ချင်းပြည်လွှတ်တော်က ပြောသည်။
အဆိုပါ ဥပဒေရေးဆွဲနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးက အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူထားပြီး ချင်းပြည်လွှတ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (DCT) မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ချင်းပြည်လွှတ်တော်ဥက္ကဋ္ဌ ဦးဟုန်းနိုင်း (Hung Naing) က “ချင်းလဲန်းကောင်စီကနေ DCT ကနေ ကျနော်တို့ကို ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲဖို့ တာဝန်ပေးထားတယ်။ လတ်တလောမှာ DCT ကလည်း စုစည်းတာကို လုပ်နေကြတယ်၊၊ ချင်းပြည်အစိုးရတပ်ဖွဲ့ကို စုစည်းနေကြတဲ့ အချိန်ကြရင် ဒီကြားထဲမှာ ပဋိပက္ခ ဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို အရေးပေါ်အနေနဲ့ ကောင်စီကနေ ရေးဆွဲဖို့ ပြောလာတယ်။ ကျနော်တို့က အမြန်နဲ့ ရေးဆွဲလို့ ရတဲ့ ကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ဒီကာကွယ်ရေးရဲ့ ကိစ္စကို လောလောဆယ်မှာ TOR ပုံစံနဲ့ ကျနော်တို့ ရေးဆွဲတယ်” ဟု ပြောသည်။
ထိုဥပဒေသည် ချင်းပြည်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံလိုက်နာရမည့် ဥပဒေမူဘောင်တစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ချင်းပြည်ကာကွယ်ရေးဥပဒေ မပြဋ္ဌာန်းနိုင်မီ ကာလတွင် လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက် (ToR) ဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါ ToR မူဝါဒများကို ဩဂုတ်လကုန်ပိုင်းက ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ မြို့နယ်နှင့် ဒေသန္တရအဖွဲ့ အသီးသီးထံသို့ ပေးပို့ထားပြီးဖြစ်သည်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များကို တော်လှန်ရေးကာလအတွင်း မတူညီသော နောက်ခံအမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းကြောင့် ဘုံသဘောတူ လက်ခံသည့် မူဘောင်တစ်ရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းမှာ အဖွဲ့အစည်းဆိုင်ရာအရ ဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ စိန်ခေါ်မှုများ ရှိနေသည်။
ဦးဟုန်းနိုင်းက “ကျနော်တို့အဖွဲ့က ကာကွယ်ရေး ဥပဒေ ရေးဆွဲပြီးမှ CDF၊ မြို့နယ်နဲ့ဒေသ အသီးသီးဆီကို ပထမဦးဆုံး ချပြမယ်။ သူရဲ့ လုပ်ငန်းစဉ်က နည်းနည်းများတဲ့အတွက်ကြောင့် အဲ့ဒါပြီးမှ ဥပဒေကြမ်းရယ်၊ အဲ့ဒါ ပြီးမှ လွှတ်တော်ကို ရောက်မယ်ဆိုတော့ ကျနော်တို့ အမြန်ဆုံး ကာကွယ်ရေး ဥပဒေကို ရေးဆွဲနိုင်ဖို့ကိုတော့ ဆုံးဖြတ်ချက် ချထားတယ်။ ကျနော်တို့ ရေးလာပြီးတဲ့ အပေါ်မှာ သက်ဆိုင်ရာ အားလုံး ၊ CDF အသီးသီးကရော CNA က တပ်တွေက ပြန်သုံးသပ်ပြီးမှ အဲနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လာဖို့ ဖြစ်တယ်” ဟု ဆက်ပြော သည်။
တစ်ဖက်တွင်လည်း ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်ပေးစီးဆင်းမှု စနစ်တစ်ခုအောက်တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF များ စုစည်းနိုင်ရေးအတွက် ချင်းပြည်အစိုးရတပ်ဖွဲ့ ဖွဲ့စည်းမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည်။
ယခင်က တစ်သီးတစ်ခြားစီ ရှိနေသော CDF ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အရပ်သားအစိုးရ၏ ကြီးကြပ်ကွပ် ကဲ မှုအောက်တွင် တစုတစည်းတည်း ထားရှိနိုင်ရေးအတွက် အရေးကြီးသော ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။
ချင်းလဲန်းကောင်စီ အတွင်းရေးမှူး ဆလိုင်းကဲပ်ချင်းထန်း (Salai Kep Chin Thang) က “အရပ်သားအစိုးရ ကြီး ကြပ်ကွပ်ကဲမှုအောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အကုန်လုံး ထားရှိရေးဆိုတာက ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၂၃ ရဲ့ အာမခံချက် ဖြစ်တယ်။ ပြီးရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ CNA နဲ့ CDF အကုန်လုံးရှိမယ်။ လက်ရှိက ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ချင်းပြည်အစိုးရတပ်ဖွဲ့၊ တပ်ရင်းစု ဖွဲ့မှုတွေကို အတိုင်း အတာတစ်ခုထိ ကျနော်တို့ ဆက်သွားနေတုန်းပါပဲ” ဟု ပြောသည်။
ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ရှေးယခင် အဆက်ဆက်ကတည်းက တည်ရှိနေသည့် မျိုးနွယ်စုနှင့် ဒေသကို အခြေခံ၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဓာတ်ပုံ - (ပုံဟောင်း / Crd)







