ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ရိုက်နှက်အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည်။
နစ်နာသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူသည် တစ်ရွာတည်းနေ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးအား အလုပ်ကိစ္စပြောရင်း အရက်သောက်ရန်ဟုဆိုကာ ဩဂုတ်လ ၁၇ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
ထို့နောက် နစ်နာသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ အရက်မူးပြီး အိပ်ပျော်သွားစဉ် အတူခေါ်လာသူ အမျိုးသား က မုဒိမ်းကျင့်ရန် ကြံစည်ရာ ထိုအမျိုးသမီးက ငြင်းဆန်သဖြင့် ရိုက်နှက်ခြင်း၊ လည်ပင်းကို ညှစ်ခြင်းအပြင် ဝမ်းဗိုက်ကို ကန်ကျောက်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ထိုသို့ အကြမ်းဖက်ခံနေရစဉ် နစ်နာသူအမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် ကျေးရွာသားများ ရောက်ရှိလာစဉ် ကျူးလွန်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
လက်ရှိတွင် နစ်နာသူအမျိုးသမီးမှာ ဆေးရုံတက်ရောက်ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကာ သန္ဓေသားမှာ လည်း အခြေအနေ စိုးရိမ်ရသည်ဟု ဆိုသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူမှာ အသက် ၃၆ နှစ်အရွယ် ကိုဇော်မြင့်ထွန်းဖြစ်ပြီး ၎င်းမှာ ယခင်က မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာ၌ နေထိုင်ဖူးကာ လက်ရှိတွင် ပေါက်ပင်ကွင်းရွာ၌ နေထိုင်နေသူ ဖြစ်သည်။
လက်ရှိတွင် ကျူးလွန်သူကို ဒီလပ် (DLA) က ဖမ်းဆီးထားပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
“လက်ရှိက အမျိုးသမီးတွေအတွက် စိုးရိမ်ရတဲ့ အနေအထားတစ်ခု ဖြစ်နေတယ်။ ဘယ်နေရာမှာမှ မလုံခြုံဘူး။ ကိုယ့်အိမ်မှာ နေတာတောင် ကြောက်နေရပြီ။ လမ်းသွားရင်လည်း အမျိုးသမီးတွေမှာ မလုံခြုံဘူး။ အခုဆို တစ်ရွာတည်းမှာတောင် မုဒိမ်းမှုက နှစ်ခု၊ သုံးခုလောက် ဖြစ်နေပြီဆိုတော့ တော်တော်လေး သတိထား နေရ တော့မယ်” ဟု မြောက်ဦးမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအား တစ်ရွာတည်းနေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဒီလပ်က ဖမ်းဆီးထားသည်။
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်လာနေပြီး အမျိုးသမီးများမှာ ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခံနေရသဖြင့် လုံခြုံမှု ကင်းမဲ့လျက်ရှိသည်။
ထိုသို့ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်၍ ULA တရားရေးဌာနက အရေးယူဆောင်ရွက်မှုများ ရှိသော်လည်း ပြည်သူများအကြား ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ထိရောက်သော ပြစ်ဒဏ်ပေးမှုမှာလည်း နည်းပါးနေသေး ကြောင်း ထောက်ပြမှုများ ရှိနေသည်။
အမျိုးသမီးအရေးလှုပ်ရှားသူ မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက “အာရက္ခတပ်တော်ရဲ့ ပြစ်ဒဏ်ပေးတာက မုဒိမ်းကောင်တွေကို သိပ်မထိရောက်စေဘူး။ အဲ့ဒါကြောင့် သူတို့ စိတ်ထဲမှာ အကြောက်တရား မစိုးမိုးသေးဘူး။ နောက်ပြီး အမျိုးသမီးတွေဆိုရင် အားနည်းတယ်ဆိုပြီး ဖိုဝါဒကြီးစိုးတဲ့ စိတ်တွေက အရင်ကတည်းက ရှိနေ ကြတယ်။ ဒါကြောင့် အခုလို ကျပ်တည်းတဲ့ ကာလတွေမှာ အမျိုးသမီးတွေကို အကြမ်းဖက်ချင်တဲ့ စိတ်တွေ ရောက်တယ်။ နောက်ပြီး နိုင်ငံတည်ဆောက်ရေးကာလတွေမှာ ပြစ်မှုတစ် ခုကျုးလွန်လိုက်ရင် သူတို့တွေကို အာရုံစိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့လည်း ကျူးလွန်သူတွေ များလာတယ်” ဟု သုံးသပ်ပြောဆိုသည်။
အာရက္ခတပ်တော် ထိန်းချုပ်ဒေသ၌ ယခုနှစ်အတွင်း အကြမ်းဖက် အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်ပေါင်း ၁၃ ခုအထိ ရှိခဲ့သည့်အနက် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာ ဖြစ်စဉ်တစ်ခုသာ ပြစ်ဒဏ် ချမှတ်နိုင်သေးကြောင်း အချက်အလက်များအရ သိရသည်။







