ထီးချိုင့်မြို့ပေါ်တွင် နေရပ်ပြန်ဒေသခံများ သောက်သုံးရေ အခက်အခဲဖြစ်

ထီးချိုင့်မြို့ပေါ်တွင် နေရပ်ပြန်ဒေသခံများ သောက်သုံးရေ အခက်အခဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ သောက်သုံးရေ ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကာ အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

ထီးချိုင့်မြို့ပေါ်ရှိ သောက်သုံးရေအတွက် အသုံးပြုသည့် ရေဘုံဘိုင်များသည် တိုက်ပွဲကာလအတွင်း ခိုးယူ ခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လည်တပ်ဆင်နိုင်ခြင်း မရှိသေးသဖြင့် (၁) လီတာ ရေသန့်ဘူးများကိုသာ ဝယ်ယူ သောက်သုံးနေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဘုံဘိုင်တွေက သံနဲ့လုပ်ထားတဲ့ဟာတွေဆိုတော့ ဖြုတ်ပြီး ခိုးသွားကြတယ်။ သံဈေးတွေနဲ့ ပြန်ရောင်းကြတယ်။ တစ်မြို့လုံး မရှိတော့ဘူး။ တခြားသံတွေကိုရော ခိုးကြတာ။ ဘုံပိုင်တွေ မရှိတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် မြသိန်းတန်ဘုရားဆိပ်ကမ်းနှင့် သရက်မော်ဆိပ်ကမ်းတို့တွင်သာ သောက်သုံးရေကို သွားရောက် ခပ်ယူ အသုံးပြုနေရသော်လည်း မြစ်ကမ်းဘေးလမ်းပိုင်းများမှာ ပျက်စီးပျောက်ကွယ်နေပြီဖြစ်ရာ သွားလာ ရေးပါ ခက်ခဲလျက်ရှိသည်။

ထို့ပြင် မြို့ပေါ်ရှိ ရှေးဟောင်းရေတွင်းအချို့မှာလည်း အချိန်ကြာမြင့်စွာ အသုံးမပြုဘဲ ထားရှိခဲ့ခြင်းကြောင့် ရေဆီများတက်ကာ ရေနံနံစော်နေသဖြင့် သောက်သုံး၍ မရတော့ကြောင်း ဆိုသည်။

မြို့ပေါ်နေထိုင်သူတစ်ဦးက “အရင်က တူးထားကြတဲ့ ရေတွင်းတွေရှိတာပေါ့လေ။ ဒါပေမယ့် အဲဒီရေတွေက သုံးလို့မရတော့ဘူး။ ရေဆီတွေ တက်ပြီး နံနေတာ” ဟု ဆိုသည်။

ထီးချိုင့်မြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃) နှင့် (၄) ရပ်ကွက်တို့မှ ဒေသခံပြည်သူများနှင့် နေရပ်ပြန်များအားလုံးမှာ နေ့စဉ် ရေသန့်ဘူးများကိုသာ ဝယ်ယူအသုံးပြုနေရပြီး ရေသန့်ဈေးနှုန်းများလည်း မြင့်တက်လာနေသဖြင့် သောက်သုံးရေဖိုးအတွက်ပါ ပူပန်မှုများ ဖြစ်ပေါ်နေကြသည်။

မြို့ပေါ်နေထိုင်သူတစ်ဦးက “ရေသန့်တစ်ဗူးကို ၁,၅၀၀ ကျပ် ပေးရတယ်။ တစ်ကဒ်ကို ၉,၀၀၀ ကျပ်လောက် ပေးရတယ်။ မိသားစုများတဲ့သူတွေကတော့ တစ်ရက်ကို တစ်ကဒ်လောက်တော့ ကုန်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ထီးချိုင့်မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအပြင် အုပ်ချုပ်ရေး ယန္တရားအတွင်းရှိ ဝန်ထမ်းများပါ သောက်သုံးရေအတွက် အခက်အခဲကြုံတွေ့နေရပြီး ရေသန့်များကိုသာ အဓိကထား ဝယ်ယူသုံးစွဲနေကြရဆဲ ဖြစ်သည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...