ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လွိုင်နန်းဖရေထိန်းတမံကို ပြန်လည်ထိန်းသိမ်းဖို့ရည်ရွယ်ပြီး သစ်ပင်ခုတ်ယူခြင်း မပြုလုပ်ဖို့ အပါဝင် စည်းကမ်းချက် (၁၀) ချက် သတ်မှတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လွိုင်နန်းဖမြို့နယ်ထဲက ကျေးရွာကော်မတီဝင်တွေ၊ ရေထိန်းတမံ ကော်မတီဝင်တွေ၊ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ ၊ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဌာနကနေ စည်းကမ်းချက်တွေကို ပူးပေါင်းထုတ်ပြန်လိုက်တာပါ။
"ကျနော်တို့ လွိုင်နန်းဖ တမံက ကော်မတီတွေဖွဲ့ထားတယ်ပေါ့နော်။ ခုဒီစစ်ရှောင်ကာလမှာ လူတွေများလာ ထူထပ်လာတော့ ကျနော်တို့က ဆည်ကော်မတီအဖွဲ့တွေ ခေါ်ပြီး ဆည်ရဲ့ စည်းမျဉ်းစည်းကမ်းလေးထုတ်တယ်ပေါ့။ ဘာလို့ စည်းမျဉ်းစည်းကမ်းထုတ်လဲဆိုတာက ကျနော်တို့ လွိုင်နန်းဖမှာ ဒီစစ်ရှောင်တွေ အားကိုး အားထားရတဲ့ ဆည်ရေက စစ်ရှောင်တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာတွေ မဖြစ်အောင် အဲ့လိုစည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာပေါ့" လွိုင်နန်းဖ ဆည်တမံထိန်းသိမ်းရေး ဥက္ကဋ္ဌက ပြောပါတယ်။
ရေထိန်းတမံ ပြန်လည်ထိန်းသိမ်းနိုင်ဖို့ စည်းကမ်းသတ်မှတ်ချက်ထဲ ရေထိန်းတမံပတ်ဝန်းကျင်က သစ်ပင်တွေကို ခုတ်ယူအသုံးပြုခြင်းလုံးဝမလုပ်ဖို့၊ ရေထိန်းမျှော်စင်၊ ရေတံခါး၊ ပိုက်တွေကို ဖြုတ်ယူတာ၊ ဖျက်ဆီးတာ မပြုလုပ်ဖို့ ၊ ရေထိန်းတမံမှာ အသုံးပြုတဲ့ မိန်းမြောင်းနဲ့ ရေပေးမြောင်းမှာ ပလတ်စတစ်၊ အမှိုက်တွေကို ပစ်ထည့်တာမပြုလုပ်ဖို့ ၊ မိမိနှင့်နီးစပ်တဲ့ ချောင်းမြောင်းကို သန့်ရှင်းရေးလုပ်ဖို့၊ စစ်ရှောင်နဲ့ ဒေသခံ အများပြည်သူက ချောင်းမြောင်းကို ညစ်ညမ်းစေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အရာတွေကို မလုပ်ကြဖို့အပြင် စည်းကမ်းချက် ၁၀ ပါဝင်ပါတယ်။
စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိတာ ၊ တွေ့ရှိပါက ဒဏ်ငွေ ၅သောင်း ပေးဆောင်ရမှာဖြစ်ပြီး ကောက်ခံထားတဲ့ ဒဏ်ငွေကို ရေထိန်းတမံ ပြန်လည်ပြုပြင်ရေးအတွက် ရန်ပုံငွေအဖြစ် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။
ဆည်ဘောင်အနီးတဝိုက်မှာ နေထိုင်တဲ့ လူဦးရေ များပြားလာတာကြောင့် အခုလို စည်းကမ်းချက် သတ်မှတ်ရခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
လွိုင်နန်းဖဆည်တမံကို ဒေသခံအပါဝင် စစ်ရှောင်လူထု လူဦးရေ ၄ထောင်ဝန်းကျင်က မှီခိုအသုံးပြုနေကြတယ်လို့ လွိုင်နန်းဖ ဆည်တမံထိန်းသိမ်းရေးဥက္ကဋ္ဌထံကနေ သိရှိရပါတယ်။







