မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆ ရက်နေ့မှာ ကြေညာကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။
မေလ ၅ ရက်နေ့မှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်မှာရှိတဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ ၊အင်းတော်၊ မော်လူး မြို့တွေကို ပြန်လည်ထိန်းချုပ်လိုက်နိုင် တာကြောင့် လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်ကြောင်း ဆိုပါတယ်။
မေလ ၅ ရက်နေ့မှာ မော်လူးမြို့ကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကိုင်း-ကချင်နယ်စပ်ဒေသလမ်းပိုင်းတွေပွင့်လာခဲ့တာပါ။
စစ်ဆင်ရေးကာလ ၁ နှစ်နဲ့ ၃ လကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲပေါင်း ၃၂၂ ကြိမ်ဖြစ်ပွားခဲ့ကာ တော်လှန်ရေးတပ်များမှ အလောင်း ၁၃၈ လောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက်၊ ခဲယမ်းများနဲ့ ဆက်စပ်ပစ္စည်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသက မြို့၊ ရွာဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း စစ်တပ်က ပြန်လည်ပြန်လှစ်ပေးခဲ့ပြီး ခရီးသွားယာဉ်များပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းနဲ့ ကုန်စည်စီးဆင်းမှုကို မြန်ဆန်စေမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။
သို့ပေမယ့်လည်း မန္တလေး-ထီးချိုင့်-မြစ်ကြီးနားလမ်းပိုင်းကို အသုံးပြုသူနည်းပါးသေးပြီး မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကိုသာ အဓိကထားအသုံးပြုနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေထံကနေ စုံစမ်းသိရှိရပါတယ်။
ထီးချိုင့်-မန္တလေး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်ကစလို့ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီးနောက် တစ်လအကြာမှာပဲ ကသာ၊ အင်းတော်၊ မော်လူးမြို့တွေကို ဆက်တိုက်ထိန်းချုပ်ခဲ့တာပါ။
၂၀၂၁-၂၀၂၃ ခုနှစ်အထိ မန္တလေး-မြစ်ကြီးနား ခရီးသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုခဲ့တဲ့ လမ်းပိုင်းဟာ ညီနောင်မဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မန္တလေး-ထီးချိုင့်-မြစ်ကြီးနားလမ်းပိုင်းတွေအားလုံးနီးပါးကို PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ကြုံနေကြရတာလည်းဖြစ်ပြီး လမ်းပိုင်းတွေပြန်ဖွင့်ပေးဖို့ ဒေသခံတွေက အမြဲတောင်းဆိုနေခဲ့ကြတာလည်းဖြစ်ပါတယ်။







