၁၀ ရက်နီးပါး ရေကြီးနေသည့် ကျိုက်မရော ကျေးရွာအများစု အကူအညီ မရောက်သေး

၁၀ ရက်နီးပါး ရေကြီးနေသည့် ကျိုက်မရော ကျေးရွာအများစု အကူအညီ မရောက်သေး

၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာအများစုသို့ အကူအညီများ မရောက်ရှိသေးသဖြင့် သောက်ရေသန့်၊ အစားအစာနှင့် ဆေးဝါးများ လိုအပ်ချက် ပိုမိုမြင့်မားလာနေကြောင်း ရေဘေးသင့် ပြည်သူများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ အတ္တရံမြစ် ရေ ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၅ ခု၊ ကျေးရွာပေါင်း ၄၀ ကျော်၌ ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ကျေးရွာများသို့ စစ်အုပ်စု အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က လုံခြုံရေး မကောင်းဟုဆိုသော အကြောင်းပြချက်ဖြင့် လာရောက်ကူညီခြင်း မရှိသေးပေ။

ချောင်းနှစ်ခွရွာခံတစ်ဦးက “ရေကြီးနေတာ တပတ်ကျော်ပြီ။ အကူအညီက မလာကြဘူး။ ရှိတာလေးနဲ့ ချွေတာ စားနေကြရတယ်။ ရေကလည်း ပြန်ကျမယ့်ပုံမပေါ်သေးလို့ ရက်ရှည်ရင်ငတ်ကြမှာ” ဟု ပြောသည်။

ရေကြီးသည့်ရက် ကြာမြင့်လာသည်နှင့်အမျှ ဆန်၊ ဆီ၊ ဟင်းချက်စရာနှင့် သောက်ရေပါမကျန် အိမ်တိုင်းနီးပါး ပြတ်လတ်နေကြသဖြင့် အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပွားနေသော ကျိုက်မရောမြို့ပေါ် ရှင်စောပုနှင့် ရန်မျိုး အောင်ရပ်ကွက်တို့သို့ စစ်အုပ်စုလက်အောက်ခံ မွန်ပြည်၊ အစိုးရအဖွဲ့က ဟန်ပြလာရောက် ကူညီခဲ့သော်လည်း ရေဘေးအဆိုးဝါးဆုံး ခံစားနေရသည့် အတ္တရံမြစ်ကမ်းဘေး ကျေးရွာများကိုမူ လုံခြုံရေး စိုးရိမ်ရသည်ဟုဆိုကာ သွားရောက်လှူဒါန်းခြင်း မရှိခဲ့ပေ။

အဆိုပါ ရေကြီးရေလျှံမှုဒဏ်ကို အတ္တရံမြစ်ကမ်းဘေးရှိ ငပြေမ၊ နိတုံ၊ ရေပူ၊ အထရံ၊ လမုခို၊ ဦးလေး၊ လှကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်နှင့် ချောင်းနှစ်ခွ ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်တွင် အဆိုးဝါးဆုံး ကြုံတွေ့ နေရခြင်း ဖြစ်သည်။

ထို့ပြင် ရေကြီးရေလျှံမှု ရက်ရှည်လာသည်နှင့်အမျှ အမျိုးသမီးလစဉ်သုံး ပစ္စည်းများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများလည်း အရေးပေါ် လိုအပ်လျက်ရှိသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်၌ အိမ်ထောင်စု ၇,၀၀၀ နီးပါး၊ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးကြုံတွေ့နေရ သဖြင့် ယာယီကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားရသည်။

ကျိုက်မရောမြို့နယ် ရေဘေးအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများကသာ အချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း ရေဘေးသင့် ကျေးရွာအားလုံးသို့ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။

ဓာတ်ပုံ - (သံလွင်တိုင်းမ်) 

စစ်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ / MOI
September 21, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်းထားသည့် စစ်အုပ်စု အစိုးရသည် အကောင်အထည်ဖော်နေသော ငြိမ်းချမ်း ရေး...
September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...