ဟိုပင်နှင့်နမ္မားမြို့တို့မှာ စစ်ကြောင်းထိုးတာ နှစ်ပတ်နီးပါးရှိလာပြီး ဒေသခံတချို့တိမ်းရှောင်မှုရှိနေ

ဟိုပင်နှင့်နမ္မားမြို့တို့မှာ စစ်ကြောင်းထိုးတာ နှစ်ပတ်နီးပါးရှိလာပြီး ဒေသခံတချို့တိမ်းရှောင်မှုရှိနေ

ကချင်ပြည်နယ်၊ ဟိုပင်မြို့နဲ့ နမ္မားမြို့က နန့်ရင်းချောင်းအရှေ့ဘက်ရှိ ကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှု ၁၀ ရက်ကျော်အထိ ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်မှုတွေ ရှိနေကြောင်း နေထိုင်သူများထံမှ သိရပါတယ်။

“စစ်ကြောင်းထိုးတဲ့အခါကျတော့ မသင်္ကာတဲ့နေရာတွေ လိုက်ပစ်တာတွေတော့ ရှိတယ်။ ကြီးကြီးမားမားကြီး မဟုတ်ဘူး။ နမ္မား၊ နမ့်စော်လော်တို့၊ တောင်အင်း၊ လက်ပံတန်းဘက်ကနေ တချို့လည်း နည်းနည်း ခပ်ကြောက်ကြောက်နဲ့ ရွှေ့ကြတာတွေရှိတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ နမ္မားဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဟိုပင်မြို့အဝင် တိုးဂိတ်အနီးမှာ ကင်းလှည့်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA+PDF ဘက်က စတင်ပစ်ခတ်မှုဖြစ်ရာကနေ နှစ်ဖက် စစ်ရေးတင်းမာလာပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ 

လက်ရှိမှာ နမ့်စော်လော်၊ တောင်အင်း၊ ကွင်းကြီး၊ နန့်ရင်း စတဲ့ကျေးရွာတွေက ဒေသခံတချို့က နမ္မား၊ ဟိုပင်နဲ့ မိုးညှင်းမြို့ပေါ်တွေကို တိမ်းရှောင်ကြတာလည်း ဖြစ်ပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့ အစောပိုင်းမှာ နမ္မားမြို့ ရဲစခန်းကိုလည်း  KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းဝင်ရောက်မှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။ 

ဟိုပင်မြို့အရှေ့ဘက်ရှိ နန့်ရင်းကျေးရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့လကတည်းက တိမ်းရှောင် နေကြတာဖြစ်ပြီး ကောက်ရိတ်သိမ်းသူများနဲ့ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သူများသာ ရှိနေကြကြောင်း သိရပါတယ်။

မိုးညှင်းမြို့နယ်ဟာ ရွေးကောက်ပွဲ ပထမပိုင်းကျင်းပမယ့်ထဲ ပါဝင်တဲ့မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိ စစ်ရေးတင်းမာနေတဲ့ ကျေးရွာအုပ်စုတွေဖြစ်တဲ့ နန့်ရင်း၊ လက်ပံတန်း၊ တောင်အင်း တွေမှာ ပြုလုပ်ကျင်းပသွားမှာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...