စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို လက်နက်သဖွယ်အသုံးပြုနေကြောင်း MIP ထောက်ပြ

စစ်အုပ်စုက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို လက်နက်သဖွယ်အသုံးပြုနေကြောင်း MIP ထောက်ပြ

ရွေးကောက်ပွဲဖြစ်မြောက်ရေး နှောင့်ယှက်ဟန့်တားသူများအား ထောင်ဒဏ်မှသေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေကြောင်း မြန်မာအင်တာနက်ပရောဂျက်-MIP က နိုဝင်ဘာ ၁၉ ရက်နေ့ အစီရင်ခံစာတွင် ထောက်ပြသည်။

ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောလှုံ့ဆော်စည်းရုံးခြင်းနှင့် ဖြန့်ချိခြင်း၊ ဆန္ဒပြခြင်းတို့မပြုလုပ်ရန် ထို ဥပဒေကတားမြစ်ထားပြီး ကျူးလွန်သူများကို ထောင်ဒဏ်(၃)နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိအပြင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်ကြောင်းပါ ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့က စစ်အုပ်စုမှ တရားဝင်ထုတ်ပြန်ထားသည်။

MIP ၏ အစီရင်ခံစာအရ ဥပဒေထုတ်ပြန်ပြီး ယခု နိုဝင်ဘာ(၁၄)ရက်နေ့အထိ ကရင်နှင့်မွန်ပြည်နယ်အပါအဝင် ယင်းဥပဒေကြောင့် ဖမ်းဆီးခံထားရသူ (၃၂)ဦးရှိပြီး အမှုဖြစ်စဉ် (၁၅)ခုအနက် လူပုဂ္ဂိုလ်(၆၆) ဦး တရားစွဲဆိုခံထားရကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် စုစုပေါင်း(၉၈)ဦး အရေးယူခံထားရသည်ဟု ဆိုနိုင်သည်။

၎င်းတို့အများစုမှာ လူမှုကွန်ရက်ပေါ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုကြောင့် ဖမ်းဆီး အရေးယူခံရခြင်းဖြစ်သည်။ စစ်အုပ်စုက ဥပဒေကိုလက်နက်သဖွယ်အသုံးချနေသလိုဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း MIP က ထောက်ပြသည်။

စစ်အုပ်စုက အွန်လိုင်းသုံးစွဲသူများကို စောင့်ကြည့်အရေးယူနေမှု၏တဖက်တွင်လည်း တိုင်းရင်းသား

တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနှင့် အဖွဲ့အစည်းများက ရွေးကောက်ပွဲသည်ပဋိပက္ခကိုသာ ပိုဆိုးစေမည်ဟု အခိုင်အမာထောက်ပြနေကြသည်။

မြန်မာပြည်သမိုင်းတွင် ပထမဆုံးဖြစ်သော ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနှင့်ပတ်သက်ပြီး “သူတို့(စစ်အုပ်စု) လုပ်ကိုင်နေတဲ့ကိစ္စတွေကို လူထုကလက်ခံတာမဟုတ်ဘူး။ ဘယ်လိုပဲအမိန့်ထုတ်ထုတ်၊ သူတို့ဘယ်လိုပဲ ဖမ်းမယ်၊ ဆီးမယ်ပြောပြော ပြည်သူကတော့ သူတို့ကို ပိုပြီးရွံရှာလာမှာပဲ” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်က မှတ်ချက်ပေးသည်။

ထို့အပြင် စစ်အုပ်စု၏ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတွင် ပါဝင်သည့်အနုပညာရှင်များအား လူမှုကွန်ရက်မှဝေဖန်ပြောဆိုမှုကြောင့် ဒါရိုက်တာ၊ ဇာတ်ပို့နှင့် ရုပ်ရှင်သရုပ်ဆောင်များ ဖမ်းဆီးခေါ်ယူသတိပေးခံခဲ့ရခြင်း ဖြစ်စဥ်များလည်းရှိခဲ့ကြောင်း MIP ၏ အစီရင်ခံစာက ဖော်ပြသည်။

အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အာရက္ခတပ်တော်-AA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ကဲ့သို့အဖွဲ့များအပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေသည့် မီဒီယာချန်နယ် (၃)ခုကိုပါ စစ်အုပ်စုက တရားစွဲဆိုထားခြင်းဖြစ်သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...