စစ်တပ်က လန်ဟီဆင်စခန်းဘက် ဗုံးကြဲလို့ကျေးရွာတစ်ချိူ့တိမ်းရှာင်နေရ

စစ်တပ်က လန်ဟီဆင်စခန်းဘက် ဗုံးကြဲလို့ကျေးရွာတစ်ချိူ့တိမ်းရှာင်နေရ

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဟီဆင်စခန်းဘက်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်မှုလုပ်နေတာကြောင့် ကျေးရွာတစ်ချို့လေကြောင်းရန်စိုးရိမ်ပြီးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်ထဲက လန်ဟီဆင်စခန်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နီးစပ်တဲ့အမျိုးသားတစ်ဦး KNG ပြောပါတယ်။

“လန်ဟီဆင်စခန်းကိုကြဲတာ ထိခိုက်မှုတော့မရှိပါဘူး မှန်းပြီးကြဲသွားတဲ့ပုံစံပါ မထင်ရင်မထင်သလိုလာကြဲတယ် နေ့တိုင်းနီးပါးလေယာဥ်လာတယ်။ လေကြောင်းနဲ့နေ့တိုင်းကင်းထောက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့ ဒီနေ့မွန်းလွှဲ  ၂ နာရီခွဲဝန်းကျင်မှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချသွားကြောင်းသိရပြီး ထိခိုက်မှုနဲ့အခြေအနေအသေးစိပ် မသိရသေးပါဘူး။

ခုလို စစ်ကောင်စီတပ်ဟာ လန်ဟီဆင်စခန်းဘက်ကို ဒိီရက်ပိုင်း နေ့စဉ်ပုံမှန်လေကြောင်းနဲ့ကင်းထောက်တာတွေပုံမှန်လုပ်နေတဲ့အတွက် လန်ဟီဆင်နဲ့ ခေါင်လန်ဖူးမြို့ကြားထဲက ကျေးရွာနေပြည်သူတွေလည်း တိမ်း ရှောင်တာတွေရှိနေတယ်လို့ သိရပါတယ်။

“လေယာဥ်ကပုံမှန်လိုလာနေတော့ အဲ့ဒီလန်ဟီဆင်စခန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက လေယာဥ်လမ်းကြောင်းနဲ့နီးတဲ့ရွာတွေကတော့ ပြေးလိုက်ပြန်ဝင်လာလိုက်လုပ်နေရတယ်လို့ သိရပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိလာဟီဆင်ဘက် ဗုံးကျဲတာ၊ဝေဟင်ကင်းထောက်တာတွေပြုလုပ်နေတဲ့ ဂျက်ဖိုက်တာဟာ ပူတာအိုလေဆိပ်ကနေတဆင့်သွားတာလို့ရပါတယ်။

“မြစ်ကြီးနားဘက်ကနေတက်လာပြီးတော့ပူတာအိုလေဆိပ်မှာနားတယ်ဒီကနေတဆင့်ခေါင်လန်ဖူးတက်ပြီးသွားသွားကြဲတယ်။ ဂျက်ဖိုက်တာတက်သွားရင်ဒီကနေသိရတယ် တစ်ခါတလေတစ်ရက်ကိုနှစ်ကြိမ်သုံးကြိမ်သွားတယ်နော်နေ့တိုင်းပဲ”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့် ပူတာအိုဒေသဘက် ဂျက်ဖိုက်တာလာ၊ ဆင်းသက်တာမျိုးမရှိပေမယ့် နိုဝင်ဘာလကစပြီး ခေါင်လန်းဖူးဘက်စစ်ရေးတင်းမားနေတာကြောင့် ပူတာအိုလေဆိပ်မှာဂျက်ဖိုက်တာဆင်းသက်ရတဲ့အထိရှိလာတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ KIAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာသိမ်းပိုက်ခဲ့တဲ့ဆော့လော်မြို့နယ်ထဲက လန်ဆယ်မြို့နဲ့ လန်ဟီဆင် ရှေ့တန်းစခန်းကို ပြန်ထိန်းချုပ်ဖို့အတွက် စက်တင်ဘာ ၁၉ ရက်နေ့ ကစပြီး ၂၄ ရက်နေ့အထိ အင်အား ၅၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်လာခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေခြုံခိုတိုက်ခိုက်မှုကြောင့် အရေးရှုံးနိမ့်ပြီးတပ်ပြန်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ ပြန်ဆုတ်သွားပြီးနောက် KIAနဲ့ပူးပေါင်းတပ်တွေဟာ လက်ရှိအချိန်အထိခေါင်လန်ဖူးဘက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြည်သူ့စစ်စခန်းတွေတခုပြီးတစ်ခုသိမ်းခံနေရကြောင့် စစ်ကောင်စီဟာခေါင်လန်ဖူးမြို့ကိုစစ်အင်အားဖြည့်တာ၊လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။

ပူတာအိုခရိုင်မှာ နောင်မွန်၊ခေါင်လန်ဖူး၊ဆွမ်ပရာဘွမ်နဲ့မချမ်းဘော့ လေးမြို့နယ်ရှိပြီး ယင်းလေးမြို့နယ်ထဲက ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...