ကလေး-သိုင်းငင်း-တီးတိန်လမ်းမှာဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် ၂ ပတ်ခန့် ပြတ်တောက်နေသော ကလေး-တီးတိန် လမ်းလွှဲများ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ပြန်လည် အသုံးပြုလာကာ ခရီးသည် တစ်ဦးလျှင် ကားခ ကျပ် နှစ်သိန်းအထိ ပေးခဲ့ရကြောင်း ကလေးမြို့မှ တီးတိန်မြို့ကို သွားရောက်သည့် ခရီးသည်တဦးထံမှ သိရှိခဲ့ရ ပါတယ်။
“ကလေး-တီးတိန် ကားခ ကတဦး နှစ်သိန်း ရှိပါတယ်။ အရင်ကတော့ တသိန်းခွဲ အထိ တက်ဖူးတယ်။ အခု တခေါက်က စံချိန်တင်လို့ ပြောလို့ရတယ်။ ယာဉ်လိုင်းတိုင်း ပြေးဆွဲရဲတာတော့ မဟုတ်သေးဘူး။ ဆိုင်ကယ်ကယ်ရီနဲ့ သွားရင် ကျပ် သုံးသိန်းငါးသောင်း ပေးရတယ်။ လမ်းလွှဲတွေကတဆင့် တချို့ တောလမ်းတွေပါ လိုက်ခဲ့ရတယ်။ လမ်းလည်း ကြမ်းတယ်” လို့ အဆိုပါ ခရီးသွားမှ ဆက်လက် ပြောကြား ခဲ့ပါတယ်။
တီးတိန်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး စစ်ကော်မရှင်စစ်တပ်မှ ထိုးစစ်ဆင် စစ်ကြောင်း ထိုးလာခြင်းကြောင့် လမ်းမကြီးတလျှောက် တိုက်ပွဲများ ဆက်တိုက်နီးပါး ဖြစ်ပွားနေကြောင်း၊ အဓိက အသုံးပြုသည့် လမ်းမများနှင့် လမ်းလွှဲများ အသုံးပြုနိုင်ခြင်း မရှိတဲ့အတွက် နှစ်ပတ်ကျော်ခန့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ တချို့ ယာဉ်လိုင်းသည် အရဲစွန့်ပြီး ခရီးသည်များ ပြန်လည် ပို့ဆောင်ပေးနေကြောင်း ဒေသခံများထံမှ သိရှိခဲ့ရပါတယ်။
“တိုက်ပွဲ ဖြစ်လာတော့ တချို့ကားတွေက တိုက်ပွဲကြား ပိတ်မိနေတာ။ သူတို့က နီးစပ်ရာ ရွာတွေ၊ ရွာချင်းဆက်လမ်းတွေကနေ ရှောင်ကွင်းသွားကြတယ်။ အချို့ကားတွေက အခုထိ စစ်ရှောင်တဲ့ ရွာတွေမှာ သောင်တင် နေတုန်းပဲ။ လူစီးကားလောက်ပဲ ထွက်တာပါ။ ကုန်ကားတွေ သွားလာလို့ အဆင်မပြေသေးဘူး” လို့ တီးတိန်မြို့နယ်ရှိ ကျေးလက်နေ ပြည်သူတဦးက ပြောပါတယ်။
ရက်အတန်ကြာ ကားများ မောင်းနှင် အသုံးပြုခြင်း မရှိတဲ့ တီးတိန်မြို့ လမ်းမကြီများအပေါ်မှာလည်း နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းကစပြီး ကားမျိုးစုံ ကြိုကြား ကြိုကြား ပြန်လည် မောင်းနှင်လာကြတယ်လို့လည်း တီးတိန်မြို့နေ ပြည်သူတဦးက ဆိုပါတယ်။
ခိုင်ကမ်းကနေ တက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တီးတိန်ကနေ ဆင်းလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတို့ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က သိုင်းငင်းရွာ ဆုံကြပြီ ဖြစ်သော်လည်း ဒေသချင်းတော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းခွဲ တိုက်ခိုက်နေဆဲဖြစ်တာကြောင့် ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို အသုံးမပြုသင့်ဘူးလို့လည်း စစ်ရေး သတင်းအရင်းအမြစ်များထံမှ သိရှိခဲ့ရပါတယ်။







