ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်

ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်

ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီး လေယာဉ်လက်မှတ် စျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနက သိရပါတယ်။

မြစ်ကြီးနား–ပူတာအို လေယာဉ်လက်မှတ်စျေးနှုန်း ပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စား လှယ်တစ်ဦးက KNG ကိုပြောပါတယ်။

“လေကြောင်းလိုင်းအားလုံး တက်တယ်ဗျ။ ပုံမှန်ဆိုရင် သုံးသိန်းကျော် လေးသိန်းဝန်းကျင်ပေါ့။ ဒီရက်ပိုင်းကနေ အားလုံးနီးပါး တက်သွားတယ်။ ငါးသိန်း၊ ငါးသိန်သုံးသောင်းအလွန်ဆုံးရှိတယ်ဗျ”လို့ မြစ်ကြီးနားမြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနမှ အမျိူးသားတစ်ဦးက ပြောပါတယ်။

ပူတာအို–မြစ်ကြီးနားကြားပြေးဆွဲတဲ့ မြန်မာအမျိုးသားလေးကြောင်းလိုင်း(MNA)၊Air KBZ လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း(MYP)နဲ့ MAI စတဲ့လေးကြောင်းလိုင်းတွေဟာ ပူတာအို မြစ်ကြီးနား ကားလမ်းမပိတ်မီ လေယာဉ်လက်မှတ် စျေးအနည်းဆုံးကျပ် ၃၃၀၀၀၀ (သုံးသိန်း သုံးသောင်း) အမြင့်ဆုံးစျေး ၄၀၀၀၀၀ (လေးသိန်း) ကျော်အထိရှိရာကနေ ယခုရက်ပိုင်းအတွင်း လေကြောင်းလိုင်းအားလုံး ကျပ် ၅၀၀၀၀၀ (ငါးသိန်း)ကနေ ၅၃၀၀၀၀ (ငါးသိန်းသုံး‌ သောင်း) အထိ သွားတက်သွားကြောင်း သိရပါတယ်။

အခုလို လေယာဉ်လက်မှတ်စျေးနှုန်း တဟုန်ထိုး မြင့်တက်သွားတာနဲ့ ပတ်သတ်ပြီး အသေးစိတ်ကို မသိရပေမယ့် ဖြစ်နိုင်ခြေရှိတာကိုတော့ အထက်ဖော်ပြပါလေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်က အခုလို သုံးသပ်ထားပါတယ်။

“လက်မှတ်စျေးတက်တာက ဘာကြောင့်ဆိုတာတော့ အသေးစိတ် မသိရဘူးဗျ။ ကျနော်တို့ကတော့ ရုံးချုပ်ကနေ ဒီစျေးနဲ့ ရောင်းလို့ ချပေးရင် ဒီစျေးနဲ့ ရောင်းပေးရတာပဲ။ ဖြစ်နိုင်ခြေများတာကတော့ ဒီရက်ပိုင်း ကားလမ်းနဲ့ ခရီးသွားလို့ မရတော့ လေယာဉ်နဲ့ပဲ သွားကြတာ လက်မှတ်အရောင်းကြပ်လို့နဲ့တူပါတယ်”လို့ သူက ပြောပါတယ်။

မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ လူငယ်တွေ ကားနဲ့ ခရီးသွားလာခွင့် တားမြစ်ထားပေမယ့် သက်ကြီးပိုင်းတွေ၊ အိမ်ထောင်သည်တွေ၊ သံဃာတော်တွေနဲ့ ခရစ်ယာန်ဘာသာရေးဆရာတွေက ပုံမှန်သွားလာလို့ ရနေတာဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် လေကြောင်းလိုင်းတစ်ခုတည်းနဲ့သာ ခရီးသွားလာလို့ရပြီး လက်မှတ်အဝယ်ကြပ်နေတာကြောင့် အခုလို စျေးတက်နေတာလို့ ခရီးသွားပြည်သူတွေက ဆိုပါတယ်။

“လက်မှတ်ဝယ်ဖို့ ခက်တယ်ဗျ။ တစ်ချို့လေကြောင်းလိုင်းတွေ လကုန်ပိုင်းအထိ စောင့်ရတယ်။ သိပ်မစောင့်ရဘူးဆိုရင်တောင် တစ်ပတ် တစ်ပတ်ကျော်ကျော် စောင့်ရတယ်။ ဒါတောင် သိပ်မသေချာဘူး။ လေယာဉ် cancel တွေက ခနခနပဲ ဒီရက်ပိုင်း” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။

လေယာဉ်လက်မှတ်စျေးနှုန်းတွေ တက်နေတဲ့အပြင် လက်မှတ်ဝယ်ယူရ ခက်ခဲနေတဲ့အတွက် ပူတာအိုကနေ မြစ်ကြီးနားကို အဝေးသင် သွားဖြေမယ့် ကျောင်းသား ကျောင်းသူတစ်ချို့ လက်မှတ်ဝယ်မရလို့ ပိတ်မိနေသူတွေ ရှိနေသလို အဝေးသင်ဖြေပြီးလို့ မြစ်ကြီးနားကနေ ပူတာအိုပြန်မယ့် ကျောင်းသား/သူ တွေလည်း ပိတ်မိနေကြတယ်လို့ သိရပါတယ်။

ထို့အပြင် ယခုရက်ပိုင်း စစ်ကောင်စီတပ်က Y-12၊ Y-8 လေယာဉ်တွေနဲ့ ခေါင်လန်ဖူး၊ ပူတာအို အထိုင်တပ်တွေကို ထောက်ပို့အတွက် ပူတာအိုလေဆိပ်ကို သုံးနေတာကြောင့် လေကြောင်းလိုင်း Cancel ဖြစ်တာလည်း မကြာခန ကြုံနေရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ ကားလမ်းပိတ်လိုက်ပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့နဲ့ နိုဝင်ဘာ ၂ ရက်နေ့ နှစ်ရက်သာ ဖွင့်ပေးပြီးနောက် ဒီကနေ့အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုဘက် အခြေခံစားသောက်ကုန်အချို့ ပြတ်လပ်တာ ဆန်စျေးတက်တာတွေ ရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်း ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အားဖြည့်နေသလို KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်နယ်မြို့နယ်အစပ်ဘက် ထိုးစစ်ဆင်တာတွေ ရှိနေပါတယ်။

ဒါကြောင့် ပြီးတဲ့ခဲ့ အောက်တိုဘာလ လန်ဟီဆင်စခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်း တစ်ခုပြီး တစ်ခု KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်နေဆဲ ဖြစ်ပါတယ်။

ခုလို စခန်းတွေ ဆက်တိုက် လက်လွှတ်လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ စစ်ရေးတင်းမာနေတဲ့ ခေါင်လန်ဖူးဘက်ကို ဝင်ရောက်နိုင်တဲ့ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို ပိတ်ထားတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...