ရှမ်းအရှေ့ပိုင်းတွင် မြေရှားနှင့်‌ ရွှေတိုးချဲ့တူးဖော်လာမှုနောက်ကွယ်ရှိ တရုတ်ကုမ္ပဏီကို SHRF ဖော်ထုတ်

ရှမ်းအရှေ့ပိုင်းတွင် မြေရှားနှင့်‌ ရွှေတိုးချဲ့တူးဖော်လာမှုနောက်ကွယ်ရှိ တရုတ်ကုမ္ပဏီကို SHRF ဖော်ထုတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်တွင် မြေရှားနှင့်ရွှေသတ္တုတွင်းများ တိုးချဲ့လာပြီး ထိုသတ္တုတွင်းများကို တရုတ်အစိုးရကျောထောက်နောက်ခံပြု China Investment Mining ကုမ္ပဏီက လည်ပတ်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (အောက်တိုဘာ ၂၈) က ထုတ်ပြန်သည်။

နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်းနှစ်မျိုးစလုံးကို လုပ်ကိုင်နေသူသည် China Investment Mining ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီသည် လာအိုနိုင်ငံ မြောက်ပိုင်းတွင်လည်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း SHRF က အတွင်းပိုင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ပြောသည်။

ကုမ္ပဏီ၏ ၉၀ ရာခိုင်နှုန်းကို Shanghai Chijin Xiawu Metal Resources Co.,Ltd ကပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီသည် လာအိုတွင် မြေရှားသတ္တုများ တူးဖော်ထုတ်လုပ်ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation (XTC) နှင့် တရုတ်၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သော ဖက်စပ်လုပ်ငန်းတခုဖြစ်ကြောင်း ဆိုသည်။

XTC သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

မိုင်းဆတ်မြို့နယ်အရှေ့ပိုင်းရှိ မိုင်းယွန်းဒေသကို  “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် စစ်အုပ်စုတို့က ပူးတွဲထိန်းချုပ်ထားရာ သတ္တုတွင်းများ လည်ပတ်နိုင်ရန်အတွက် အဖွဲ့အစည်းနှစ်ခုစလုံးထံမှ ခွင့်ပြု ချက် ရယူရန်လိုအပ်ကြောင်းလည်း ထောက်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးခဲ့သည့် ဂြိုလ်တုဓာတ်ပုံများအရ အထင်ရှားဆုံး ပြောင်းလဲမှုအဖြစ် ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာရှိ မြစ်အထက်ပိုင်း ရွှေသတ္တုတူးဖော်ရေးဧရိယာတွင် သစ်တောဖုံး လွှမ်းသည့် တောင် စောင်းများကို ကုတ်ခြစ်တူးဖော်ပြီး လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့ထားသည့်ကိုတွေ့ရကြောင်း SHRF က ပြောသည်။

ထို့ပြင် မြစ်၏ အနောက်ဘက်တခြမ်းနှင့် အရှေ့ဘက်တခြမ်းရှိ မြေရှားသတ္တုတွင်း နှစ်ခုစလုံးတွင်လည်း တိုးချဲ့မှုအသစ်များကို တွေ့ရကြောင်း၊ မြေရှားသတ္တုတွင်း နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်းပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

“နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ ရှိနေသည့်ကြားက ဤသတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာကောင်းလှသည်” ဟု SHRF က ထုတ်ပြန်ချက်တွင် ပြောသည်။

“ဤအထဲတွင် ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များအတွင်း ကုတ်မြစ် တလျှောက် နေထိုင်ကြသော ထိုင်းနိုင်ငံသား ၁,၀၀၀,၀၀၀ ကျော် ပါဝင်သည်။ နမ့်ခုတ်မြစ်သည် မဲခေါင်မြစ် ၏ မြစ်လက်တက်တခုဖြစ်ရာ၊ ထိုမဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတလျှောက် နေထိုင်သူ သန်းပေါင်း ဆယ်နှင့်ချီမှာ ဆိုဖွယ်ရာမရှိပေ” ဟု ဆိုသည်။

နမ့်ခုတ်မြစ် (Kok River) ရှိ ရေကို  ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဧပြီလမှစတင်ပြီး နှစ်ပတ်တကြိမ် စစ်ဆေးလျက်ရှိရာတွင်လည်း စိန် (Arsenic) နှင့် ခဲ (Lead) ဓာတ် ပမာဏများ ဘေးကင်းလုံခြုံရေး စံနှုန်းများထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...