လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ

လေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မှာ ပွဲအခမ်းအနား ကျင်းပခြင်း မလုပ်ရန် ကြေညာ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်နေသောကြောင့် ဗုံးခိုကျင်းများ လုပ်ဆောင်ရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲအခမ်းအနားများ ကျင်းပခြင်း မပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသည်။

စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူနှင့် တော်လှန်ရေအဖွဲ့ကို ခွဲခြားခြင်း မရှိဘဲ အဆုံးစွန်ထိ ရက်စက် ကြမ်းကြုတ်မှုများ ကျူးလွန်နေသောကြောင့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် လတ်တလော ရှောင်းရှာနိုင်ရန် အောက်တိုဘာလ ၂၆ ရက်မှာ ထုတ်ပြန်သည်ဟု သိရသည်။

“ဒီ ၂၄ ရက်၊ ၂၅ ရက်မှာကိုပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အများကြီး ထိခိုက်တာ ရှိတယ်၊၊ အဲဒါကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာတာတွေ ရှိတဲ့အတွက် လူစုလူဝေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ လိုတယ်။ သာရေး၊ နာရေးက လွဲလို့ပေါ့နော်။ ပွဲလမ်းတွေကို၊ လူစုလူဝေးတွေကို မပြုလုပ်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ထားတာ ဖြစ်တယ်။ အဓိကက ပြည်သူတွေ အန္တရာယ်ဘေးကင်းဖို့အတွက်ပါ၊၊ ဒီဟာကို အတတ်နိုင်ဆုံး ပြည်သူတွေအနေနဲ့ ပူးပေါင်းပြီးမှ ဝိုင်းဝန်းလိုက်နာပေးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု CDF - ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကော်မရှင်တပ်သည် ကန်ပက်လက်မြို့မ ၂ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် အောက်တိုဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သည်ဟု သိရသည်။

အောက်တိုဘာလ ၂၅ ရက် ည ၈ နာရီ ၂၀ ခန့်မှာလည်း ကန်ပက်လက်မြို့ကို အလားတူ ဆက်လက် တိုက်ခိုက်သည်ဟု ကန်ပက်လက်မြို့နယ်ပအဖထံမှ သိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် ကန်ပက်လက်မြို့တွင် ပြည်သူ ၃ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ ပြည်သူ့နေအိမ် ၅ လုံး၊ အဆောက်အဦး ၃ လုံးလည်း ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးရမှုကြောင့် လေကြောင်းမှ အကြိမ်ကြိမ် ပြန်တိုက်ခိုက်နေသည်ဟု CDF - ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် CDF - ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာပွဲကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ဒေသခံတချို့ ထိခိုက်သေဆုံံးမှုများ ရှိကြောင်း ဒေသခံတချို့က ပြောသည်။

အောက်တိုဘာလအတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်းသိရသည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေ၍ ကျောင်းတချို့လည်း ပိတ်ထားရသည်ဟု သိရသည်။

 photo credit - CJ

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...