AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ

AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
Photo credit - APM
Photo credit - APM

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် ကျန်းမာရေးကဏ္ဍ အားနည်းနေသေးပြီး အထူးကု ဆရာဝန်များလည်း နည်းပါးသဖြင့် ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။

လက်ရှိ AA ထိန်းချုပ်နယ်မြေရှိ ဆေးရုံနှင့် ဆေးခန်းများတွင် သွား၊ မျက်စိ၊ အာရုံကြော၊ သားဖွားမီးယပ်၊ အရိုးနှင့် အထွေထွေရောဂါကု ဆရာဝန်အနည်းငယ်သာ ရှိနေသည်။

ထို့ကြောင့် အထူးကုနယ်ပယ်နှင့် မသက်ဆိုင်သည့် ရောဂါများအတွက် ပြည်သူများမှာ အထွေထွေရောဂါကု ဆရာဝန်များနှင့်သာ ကုသနေကြရသည်။

"ရောဂါနဲ့ ကိုက်ညီဖို့ ဆရာဝန်မရှိတော့ အထွေထွေဆရာဝန်နဲ့ ပြနေကြရတာ။ စမ်းတဝါးဝါးနဲ့ ရောဂါကို ပြနေရတယ်။ ပြီးတော့ ပစ္စည်းကိရိယာတွေလည်း မစုံဘူး။ အိမ်နားက ညီမလေးမှာ သွားတစ်ချောင်းကိုက်နေလို့ နှုတ်ဖို့ ဆရာဝန်နဲ့ သွားပြတာကို အသေးစိတ်ကြည့်ဖို့ ကိရိယာမရှိလို့ဆိုပြီး ဘာမှ မလုပ်ပေးလိုက်ဘူး" ဟု ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အသစ်မွေးဖွားလာသည့် ဆရာဝန်အချို့ ရခိုင်ပြည်သို့ ရောက်ရှိလာခဲ့သော်လည်း စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲများကြောင့် ပြည်မဘက်သို့ ပြောင်းရွှေ့သွားကြသည်။

ထို့ကြောင့် ဒေသတွင်း ကျွမ်းကျင်ဆရာဝန် အရေအတွက်မှာ ပိုမိုနည်းပါးလာပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

"ဆရာဝန်တစ်ယောက်ကို နောက်မှာ လူနာ ငါးရာလောက် တန်းစီပြီး စောင့်နေရတယ်။ ရေမွှာပေါက်ပြီး ဗိုက်ထဲက ကလေး မလှုပ်တော့လို့ အရေးပေါ် သွားပြတာ တိုကင်က နောက်ငါးရက်အထိ ပြည့်နေလို့ အန္တရာယ်ရှိပေမယ့် ဒီအတိုင်း စောင့်ခဲ့ရတယ်" ဟု မြောက်ဦးမြို့မှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရောဂါအထူးကုလိုအပ်သည့် လူနာများအနေဖြင့် ပြည်မဘက်သို့ သွားရောက်ကုသရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုများကြောင့် ခရီးသွားလာရေး အခက်အခဲများစွာ ရှိနေသည်။

ငွေကြေးတတ်နိုင်သူအနည်းငယ်ကသာ သိန်းရာနှင့်ချီ အကုန်အကျခံကာ အိန္ဒိယနိုင်ငံသို့ သွားရောက် ကုသနေရသည်။

စစ်ကောင်စီက ရခိုင်ဒေသသို့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းကြောင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်မှု ဆိုးရွားလာသည်။

အရေးပေါ်လိုအပ်သည့် ဆေးဝါးနှင့် ကုသရေးပစ္စည်းများပင် လုံလောက်မှုမရှိသဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

"ရခိုင်မှာ နဂိုကတည်းက ဆရာဝန်အင်အားနည်းနေတာ အခုလို ကာလမျိုးမှာဆို ပိုဆိုးတာပေါ့။ ရေတိုအနေနဲ့ ပြောရမယ်ဆိုရင် ပြည်မဘက်မှာရှိတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေကို ရခိုင်မှာ တာဝန်ထမ်းဆောင်ဖို့ ကြိုးစားသင့်တယ်လို့ မြင်တယ်။ လာရောက်အလုပ်လုပ်မယ့် ဆရာဝန်တွေကို လုံလောက်တဲ့ လစာ၊ ခံစားခွင့်နဲ့ လုံခြုံရေး အာမခံချက်တွေ ပေးပြီး ဆွဲဆောင်သင့်ပါတယ်" ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

AA ထိန်းချုပ်ဒေသတွင် ဆရာဝန်လုံလောက်မှုမရှိခြင်းနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်ကို သိရှိနိုင်ရန်အတွက် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က မေးမြန်းထားဆဲဖြစ်သည်။

လက်ရှိ အာရက္ခတပ်တော်က ရခိုင်ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်ရန်အတွက် သင်တန်းများပေးပြီး ကျန်းမာရေးကဏ္ဍကို အင်အားဖြည့်တင်းလျက် ရှိနေသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...