လမြန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

လမြန်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ‌‌ယာဉ်နဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်းတွေကို KIA ပူးပေါင်းတပ် ထိုးစစ်ဆင်လာရာ မြို့တွင်းတပ်ဖြစ်တဲ့ ခလရ (၅၈) တပ်၊ ဝူယန်ပြည်သူ့စစ်စခန်း၊ မြို့တွင်းရှိ ရဲစခန်းကလွဲပြီး ကျန်တဲ့နေရာအားလုံးကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း လက်ရှိချိန်ထိ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား ဝိုင်းမော်မြို့နယ် လမြန်၊ ဝူယန်တစ်လျှောက် စစ်ရေးတင်းမာနေရာ ဩဂုတ်လ ၂၅ ရက်ကစပြီး ပြန်ပြင်းထန်လာတာလို့ ဝိုင်းမော်မြို့ခံအမျိုးသားတစ်ဦး ခုလို ပြောပါတယ်။

“ပစ်လိုက် နားလိုက် ဒီနေ့မနက်တော့ လေယာဉ်နဲ့ လာလာပစ်နေတာ တအုံးအုံးကို ကြားနေရတယ်။ ခုညနေပိုင်း လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ တိုက်ပွဲ တော်‌တော်ပြင်းထန်နေတယ်” လို့ ပြောပါတယ်။

ဩဂုတ်လ ၂၆ ရက် ဒီမနက် ၇ နာရီဝန်းကျင်ကစပြီး နေ့လည် ၁ နာရီခန့်အထိ ဂျက်ဖိုက်တာတစ်စီးနဲ့ ၄ ကြိမ်ထက်မနည်းပစ်ခတ်သွားပြီလို့ သူက ဆက်ပြောပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောချက်အရ စစ်တပ်နဲ့ပြည်သူ့စစ်တပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစပြီး ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းနေရာနဲ့ ခလရ (၅၈) တပ်ထဲ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ် စတင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ထိုးစစ်ကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဇွန်လမှာ လမြန်ရွာကနေ ဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ဇူလိုင်လဆန်းပိုင်းKIA ရဲ့တန်ပြန်ထိုးစစ်ပြန်ဆင်လာရာ လက်လွှတ်လိုက်ရတဲ့ လမြန်ရွာ ပြန်လည်ရရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လမြန်၊ မုတ်ကြိတ်၊ ဝူယာန်စတဲ့ ကျေးရွာတွေဟာ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားတဲ့လမ်းမပေါ် ခလရ ၅၈ တပ်ရင်းရဲ့ အထက်ဘက် တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး တိုက်ပွဲကြောင့် လက်နက်ကြီးကျ ပေါက်ကွဲတာတွေ ဆက်တိုက် ရှိနေတယ်လို့ ဝိုင်းမော်ဒေသခံတွေ ပြောပါတယ်။

ဒါကြောင့်ဒေသခံပြည်သူတွေဟာ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်‌တွေလည်း အများပိုင်း ထိခိုက်ပျက်စီးသွားပြီလို့ သိရပါတယ်။

“လမြန်ရွာက ၈၀ ရာခိုင်နှုန်း ကျည်မထိတဲ့အိမ်မရှိတော့ဘူး။ စကစရော၊ KIA ရော ရွာထဲက အိမ်တွေမှာ ခိုပြီးပစ်ကြတာဆိုတော့ ရွာအ ခြေနေ တော်တော်ဆိုးနေပြီ” လို့ လမြန်ရွာ အမျိုးသားတစ်ဦး ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြစ်ကြီးနားဘက်က‌နေလည်း ဝိုင်း‌မော်ဘက်ကို ညတိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရှိကြောင်း သိရပါတယ်။

လက်ရှိချိန် စစ်ကောင်စီတပ်က ဝိုင်းမော်မြို့အပြင် မြစ်ကြီးနားမြို့အထက် မြစ်ဆုံအနီးဝန်းကျင်၊ ဧရာဝတီမြစ်အရှေ့ခြမ်းနေရာနဲ့ ဖားကန့်လမ်းကြောတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေကြောင်း သိရပါတယ်။

Most read this week

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...