ကျောက်ဖြူက စစ်ရှောင်ကျောင်းသားများ အကူအညီလိုအပ်နေ

ကျောက်ဖြူက စစ်ရှောင်ကျောင်းသားများ အကူအညီလိုအပ်နေ

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသော စစ်ဘေးရှောင် ကျောင်းသားများ ပညာသင်ကြားရေးတွင် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်ကလေးငယ်အချို့မှာ ဆင်းရဲကျပ်တည်းမှုများကြောင့် စာအုပ်၊ ခဲတံ၊ ဘောပင်စသည့် စာရေးကိရိယာ သင်ထောက်ကူပစ္စည်းများ လိုအပ်ချက်ရှိနေပြီး ကျောင်းဆက်တက်ရန် အခက်အခဲရှိနေကြသည်။

ထို့အပြင် စာရေးကိရိယာများ မဝယ်နိုင်သဖြင့် ကျောင်းမတက်ရသည့် ကလေးငယ်များလည်း ရှိနေပြီး ၎င်းတို့အတွက် အကူအညီအထောက်အပံ့များ လိုအပ်နေခြင်းဖြစ်သည်။

“ကလေးတွေကို ကျောင်းထားချင်ပေမယ့် စာအုပ်တွေရော၊ ထီးတွေရော၊ လွယ်အိတ်တွေရော ဒါတွေ မဝယ်နိုင်ဘူး။ အိမ်မှာလည်း စားဝတ်နေရေး လိုက်မမီတော့ ကျောင်းမထားနိုင်ဘူး” ဟု စစ်ဘေးရှောင်ကျောင်းသား မိခင်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း AA ထိန်းချုပ်ထားသော နေရာများတွင် ကျောင်းသား/သူများအတွက် ULA/ AA ၏ ပညာရေးဌာနမှ အခြေခံပညာရေးစာသင်ကျောင်းများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွင့်လှစ်ပေးထားသည်။

သို့သော်လည်း ကျောင်းဆရာ/မများကို ထောက်ပံ့ရန် မူလတန်းများအတွက် တစ်လလျှင် ငွေကျပ် ၁၅,၀၀၀၊ အလယ်တန်းအတွက် ငွေကျပ် ၂၀,၀၀၀ နှင့် အထက်တန်းအတွက် ငွေကျပ် ၃၀,၀၀၀ အနည်းဆုံးပေးရကြောင်း သိရသည်။

ယင်းအပြင် စစ်ဘေးတိမ်းရှောင်လာကြသူအချို့မှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး အခက်အခဲများကြောင့် ငွေပေးရန်နှင့် စာရေးကိရိယာများ ဝယ်ယူရန် အဆင်မပြေမှုများ ရှိနေကြခြင်းဖြစ်သည်။

“ဘယ်သူကမှ စစ်ဘေးမရှောင်ချင်ပါဘူး။ အသက်အန္တရာယ်ကြောင့်သာ ထွက်ပြေးလာခဲ့ကြတာ။ မိဘတွေ အဆင်မပြေလို့ဆိုပြီး ကလေးတွေရဲ့ ပညာရေးကိုပါ ရပ်ထားရမှာမျိုးက မဖြစ်သင့်ဘူး။ စစ်ဘေးရှောင် ကလေးငယ်တွေကိုတော့ ULA/ AA အနေနဲ့ အခမဲ့ သင်ပေးစေချင်ပါတယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ရှောင်လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

လူမှုကူညီ‌ရေးအဖွဲ့များ၏ ၂၀၂၅ ခုနှစ် ဧပြီလ စာရင်းများအရ ကျောက်ဖြူမြို့နယ်၌ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ၎င်းစစ်ဘေးရှောင်အချို့၏ ကလေးငယ်များမှာ ပညာရေးအတွက် စိန်ခေါ်မှုများ ရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

“တချို့ကလေးတွေဆို ဗလာစာအုပ် မဝယ်နိုင်လို့ ပြက္ခဒိန်စာရွက် နောက်ကျောတွေကို ဗလာစာ အုပ်ပုံစံချုပ်ပြီး အိမ်စာလုပ်လာတယ်။ တချို့ကလေးတွေဆို မိုးရွာနေတာတောင် ဆောင်းစရာ ထီး ပါမလာဘူး။ ဒီကြားထဲ လေယာဉ်သံကြားရင် ပုန်းမယ့်နေရာ ပြေးရှာရသေးတယ်။ တကယ့် ဒုက္ခတွေ” ဟု ကျောက်ဖြူမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားမှုအပါအဝင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကြောင့် လက်ရှိတွင် ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၃၀ ထက်မနည်းမှာ ရွာလုံးကျွတ်‌ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးတင်းကျပ်မှု၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု စသည့် မလုံခြုံမှုများကြောင့်လည်း ကျောက်ဖြူမြို့ခံ အမြောက်အများမှာ ULA/ AA ထိန်းချုပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကျောက်တော်ကို အာဏာသိမ်းစစ်တပ်မှ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့။
June 18, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် အနီးတဝိုက်ကို မနေ့၊ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က...
ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung (Facebook)
June 17, 2026
ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်း မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပြီး ခရီးသွားလာရေးတွင်...
ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...