ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ

ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ပြင်းထန်နေမှုကြောင့် ကျေးရွာ ၃ ရွာက ဒေသခံများမှာ မိမိအစီစဉ်ဖြင့် အရေးပေါ်ပြောင်းရွှေ့ နေရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ မင်းပြင်၊ ကျောက်ပြောက်နှင့် ရေနံတောင်စသည့် ကျေးရွာများကဖြစ်ပြီး ဒေသခံ ထောင်နှင့်ချီမှာ အကူအညီများ လိုအပ်နေကြောင်း ပြောသည်။

“စစ်ကောင်စီရဲ့ နေဗီကနေပြီးတော့ နေ့တိုင်း ပစ်ခတ်တာ။ ဒရုန်းနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့လည်းနီးတော့ ပြောင်းရွှေ့နေရာတာဖြစ်တယ်။ အန္တရာယ်ကျရောက်မှာ အရမ်းစိုးရိမ်ရတယ်” ဟု AA ထိန်းချုပ်ရာ ဒေသသို့ ထွက်ပြေးလာသည့် မင်းပြင်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။

ရေနံတောင်၊ မင်းပြင်၊ ပြူးချိန်၊ ဝါးနက်ချွိန်၊ ဝက်မျှော်၊ မင်းပြင်၊ င/အုပ်၊ ကျောက်ကလေ၊ ဇင်ချောင်း ကျေးရွာ အနီးပင်လယ်ကမ်းတွင် စစ်ကောင်စီနေဗီများ ၃ စီးထက်မနည်းရှိနေပြီး လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ထွက်ပြေးလာရခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များမှာ လက်ရှိတွင် ရမ်းဗြဲ၊ မြေပုံ၊ အမ်း စသည့် AA ထိန်းချုပ်ရာနေရာများသို့ ထွက်ပြေးနေခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ထွက်ပြေးတိမ်းရှောင်ရန် ငွေကြေးအခက်ခဲများကြောင့် ထွက်မရောက်ဘဲ ကျန်နေသူများလည်း ရှိသေးကြောင်း ပြောသည်။

“လွတ်မြောက်နယ်မြေတစ်နေရာကို ထွက်ပြေးမယ်ဆိုရင် ကားစရိတ်၊ လှေစရိတ်တွေ လူတစ်ဦးကို အနည်းဆုံး ငွေကျပ် ၁ သိန်းခွဲထိ ရှိတယ်။ ဆိုတော့ ပိုက်ဆံမရှိတဲ့ သူတွေကတော့ ဒီအတိုင်း ကျန်နေခဲ့သူတွေလည်း ရှိတယ်။ ရွာမှာနေတုန်းကဆိုရင် နေဗီ၊ ဒရုန်းက ပစ်ခတ်နေတာကြောင့် ဘုရားမီးတောင် မထွန်းရဲဘဲ နေခဲ့ရတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လူမှုကူညီ‌ရေးအဖွဲ့များ၏ ၂၀၂၅ ခုနှစ် ဧပြီလ စာရင်းများအရ ကျောက်ဖြူမြို့နယ်၌ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော် ထိရှိလာနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေ၍ ထပ်တိုးလာနိုင်ကြောင်း ပြောဆိုကြသည်။

“ကျမတို့မှာ ဘာမှ ပါမလာဘူး။ အသက်လုပြီး အရေးပေါ်ပြေးလာရတာ။ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတယ်။ တာပေါ်လင်စတွေ ခင်းပြီး အိပ်နေကြရတယ်။ အကူအညီတွေလည်း မရသေးဘူး” ဟု မြေပုံမြို့နယ်က ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်လာသူ နောက်တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲများသည် လိပ်ခမော်၊ ကုလာဘာ၊ မလကျွန်းကျေးရွာအနီးတဝိုက်တွင် ပြင်းထန်နေပြီး ကျောက်ဖြူမြို့နယ်အတွင်း AA သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက အင်အားလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မလကျွန်းနှင့် လိပ်ခမော်ရွာကျေးရွာတို့ကို စစ်ကောင်စီက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများ ထွက်နေသည်။

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။

ယင်းနောက် ရဲတပ်ရင်း အမှတ် ၃၂ တည်ရှိရာ စစ်ကောင်စီ၏ ကာကင်းစခန်း ၁၀ ဝန်းကျင်ခန့်ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် ဩဂုတ်လဆန်းပိုင်းက စပြီး စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော်ကို အင်အားအလုံးအရင်းနှင့် တန်ပြန်ထိုးစစ်ဆင်နေပြီး တင့်ကားများနှင့် ဒရုန်းအများအပြား အသုံးပြု တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...