တောင်ကြီး မြို့မဈေးအနီး ရဲနှင့်စစ်သားများ မှောင်ရိပ်ခိုပြီး ကုန်စိမ်းရောင်းသူများထံ ပိုက်ဆံ တောင်းကြမ်းနေ

တောင်ကြီး မြို့မဈေးအနီး ရဲနှင့်စစ်သားများ မှောင်ရိပ်ခိုပြီး ကုန်စိမ်းရောင်းသူများထံ ပိုက်ဆံ တောင်းကြမ်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးတွင် ရဲ နှင့်စစ်သားများသည် နံနက် ၃ နာရီ မိုးမလင်းခင် စျေးလာသော ကုန်စိမ်းသည်များထံ ပိုက်ဆံတောင်းမှု ကြမ်းနေကြောင်း သတင်းရရှိသည်။

ယမန်နေ့( သြဂုတ် ၁၂)ရက် နံနက် ၃နာရီတွင် တောင်ကြီးမြို့ ဘုရားဖြူစျေးတွေ ကုန်စိမ်းရောင်းချရန်အတွက် မြို့မစျေးသို့ ကုန်စိမ်းများ သွားရောက်သယ်ယူနေစဉ် ရဲနှင့် စစ်သားများက မှောင်ရိပ်ခိုပြီး ပိုက်ဆံတောင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စိမ်းရောင်းသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရဲနှင့် စစ်သားများသည် မတော်မရော် စစ်ဝတ်စုံများဝတ်ဆင်ထားပြီး၊ အမှောင်ကို အားကိုးပြီး ကုန်စိမ်းသည်များထံ ငွေညှစ်တောင်းနေသည်။ 

“သူတို့က အမှောင်ထဲကနေ ထွက်လာတာ။ ဝတ်ထားတဲ့ ရဲနဲ့ စစ်ဝတ်စုံကလည်း စုတ်ပြတ်သတ်နေတာပဲ။ 

သေနတ်လည်း မပါ။ ရဲကားလည်း မပါဘူး။ အချိန်တစ်နာရီလောက်ပဲ စစ်ဆေး ငွေတောင်းပြီး ခြေကျင်ပြန်သွားကြတာ။ မိုးလင်းရင် သူတို့ကို မတွေ့တော့ဘူး။ ကျမဆို ပိုက်ဆံသုံးသောင်း ပေးခဲ့ရသေးတယ်။” ဟု ၎င်းကြုံတွေ့ခဲ့သည့် အမျိုးသမီးက ပြောသည်။ 

အဆိုပါ ရဲနှင့် စစ်သားများက ၎င်းတို့ တောင်းသည့်ငွေများမပေးလျှင် ရုံးကို လိုက်ခဲ့ရန် ခြိမ်းခြောက်သေးကြောင်း၊ နံနက် ၃နာရီအချိန်သည် ရုံးဖွင့်ရန် အချိန်မဟုတ်သဖြင့် ၎င်းတို့သည် ရဲနှင့်စစ်သား အစစ်အမှန် မဖြစ်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောသည်။

“အခြေနေက တော်တော်ဆိုးနေပြီ။ မနက်တိုင်းလည်း မလာဘူး။ ကားသမားတွေကိုလည်း ဖမ်း ပိုက်ဆံတောင်းတာ။ ဆိုင်ကယ်သမားတွေဆိုလည်း ဆိုင်ကယ်သော့ ဖြုတ်ထားပြီး ခြိမ်းခြောက်ငွေတောင်းနေတာ။ ကုန်စိမ်းလည်း သွားယူရမှာတောင် ကြောက်နေပြီ။” ဟု အဆိုပါ ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ဆက်ပြောသည်။

ဆက်လက်ပြီး တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း မိုင်တဲလ်ရုံး အကျော်တွင်လည်း ရဲ နှင့် စစ်သား ဝတ်စုံ ဝတ်ဆင်ပြီး ညအချိန်မတော် ငွေတောင်းနေသူများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အနောက်မြို့ပတ်လမ်းမှာလည်း ရဲနှစ်ယောက် တွေ့ရတယ်။ ညအချိန် တွေစောင့်ဖမ်း ငွေတောင်းတာ။ မိုးလင်းရင်တော့ ပျောက်ပြီ မတွေ့တော့ဘူး။”ဟု ၎င်းက ဆိုသည်။

ထိုသို့ ရဲဝတ်စုံနှင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများကို မြင်တိုင်း မကြောက်ကြရန်နှင့် တာဝန်အချိန်မဟုတ်ဘဲ ဖမ်းဆီးငွေညှစ်မှုများကြုံရလျှင်သက်ဆိုင်ရာသို့ အကြောင်းကြားရန် လိုအပ်ကြောင်း အသက် ၃၀ အရွယ်အမျိုးသားက အသိပေးထားသည်။

“စစ်ဝတ်စုံ ရဲ ဝတ်စုံမြင်တိုင်း ပြည်သူတွေကို မကြောက်စေချင်ဘူး။ လုပ်စားနေတဲ့သူက ပြည်သူတွေရဲ့ အားနည်းချက် အကြောက်တရားကို ချနင်းပြီး လုပ်စားတာ။ ဒီလိုအယောင်ဆောင်ထားတာတွေကို သက်ဆိုင်ရာ အကြောင်းကြားတာမျိုး လုပ်စေချင်တယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း အရေးယူဆောင်ရွက်ပေးစေချင်တယ်။” ဟု ၎င်း အမျိုးသားက အသိပေးပြောထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမ ပတ်တွင်လည်း တောင်ကြီးမြို့ပေါ် မြို့မဈေးမြောက်ဘက်နှင့် ကံသာရပ်ကွက်၊ စိန်ပန်းရပ်ကွက်တွင် ညအချိန်အလုပ်မှ ပြန်လာသူ လူငယ်များကို စစ်သားနှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးသွား၍ လူငယ် (၂၀)ကျော်ပါသွားကြောင်း သိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...