မူဆယ်၌ ကျားဖြန့်လုပ်ငန်းများ ဆက်လက်ရှိနေဆဲဟုပြော

မူဆယ်၌ ကျားဖြန့်လုပ်ငန်းများ ဆက်လက်ရှိနေဆဲဟုပြော
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို လုံခြုံရေးအဖွဲ့များက ကားများဖြင့် မြို့တွင်းလှည့်လည် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း လုံးဝပပျောက်ရန် ခဲယဉ်းနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တစ်လုံးကို စစ်အုပ်စု၏ လုံခြုံရေး ပူးပေါင်း အဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၂ ဦး (စုစုပေါင်း ၂၀ ဦး) ကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။

မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “အခုဖမ်းမိတာလည်း အဖွဲ့ သေးသေးလေးပါ။ ဒီနောက်ပိုင်း ကျားဖြန့်တွေ လည်း သိပ်မရှိတော့ဘူး။ ကျားဖြန့်တွေက လက်နက်ကိုင်အဖွဲ့တိုင်းနဲ့ ပတ်သက်မှုရှိတယ်။ သက်ဆိုင်သူတွေနဲ့ လည်း ဆက်ဆံရေးတွေက ရှိတယ်။ အဖွဲ့ကြီးတွေကတော့ ပိုက်ဆံပေးထားတာ ရှိမှာဆိုတော့ တခြားနေရာတွေ ရွှေ့ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။ ဒီတိုင်းဖမ်းနေလည်း လုံးဝပျောက်သွားဖို့ မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။

ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပတ်သက်ဆက်နွှယ်နေသော ကျားဖြန့်လုပ်ငန်းကြီးများမှာ အခြားနေရာများသို့ ရွှေ့ပြောင်းလွတ်မြောက်နေနိုင်သည်ဟု ဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ဝင်ရောက်ဖမ်းဆီးမှုတွင် ဖုန်းအမျိုးမျိုး ၇၇ လုံး၊ All-in-One ကွန်ပျူတာ ၃ လုံး၊ Laptop ၁ လုံးနှင့် အခြား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ထား သည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်နှင့် “ဝ” ဒေသများတွင် ကျားဖြန့်လုပ်ငန်းများကို တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ကြောင့် ဖမ်းဆီးရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး ဆက်စပ်သူများကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးမှုများ ရှိခဲ့သည်။

ထိုသို့ ဖမ်းဆီးရှင်းလင်းမှုများ ပြုလုပ်လာပြီးနောက် မြန်မာနိုင်ငံအတွင်း အခြားဒေသများ၌လည်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများနှင့် ဆက်စပ်သူများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဆက်လက် ရှိနေခြင်းဖြစ်သည်။

ဩဂုတ်လအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် “ဝ” တပ်ဖွဲ့ (UWSA) တို့သည် ကိုးကန့်ဒေသ လောက်ကိုင်မြို့ တွင် ကျားဖြန့်တိုက်ဖျက်ရေး အပါအဝင် တရားရေးရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း UWSA က ထုတ်ပြန်ထားသည်။

အဆိုပါ MOU တွင် ကျားဖြန့်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် အမှုနှင့် ပတ်သက်သူများအား အပြန်အလှန် စုံစမ်းဖမ်းဆီး လွှဲပြောင်းပေးရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရန် ပါဝင်သည်။

Most read this week

ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...