တာချီလိတ် - မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေ

တာချီလိတ် - မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေ
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)

သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်အုပ်စုတပ် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုမိုကောက်ခံလျက်ရှိသည်။

လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပါရှိရမည်ဖြစ်ပြီး မြန်မာဘက်မှ သတ်မှတ်ထားသည့် တံတားဖြတ်သန်းခမှာ ကျပ် ၁,၀၀၀ သာ ပေးဆောင်ရမည် ဖြစ်သည်။

သို့သော် လက်ရှိတွင် စမတ်ကတ် ရှိသူများပင် တံတားဖြတ်သန်းရာ၌ အပိုငွေများ ပေးဆောင်နေရပြီး စမတ် ကတ် မရှိသူများမှာ ဘတ်ငွေ ၄၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ကျပ် ၃ သောင်းဝန်းကျင်) အထိ ကုန်ကျနေကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီတံတားဖြတ်သန်းသွားလာဖို့ မြန်မာနိုင်ငံကနေ ထိုင်းကိုသွားရင် မှတ်ပုံတင်၊ စမတ်ကတ်နဲ့ တံတားဖြတ် လက်မှတ်လိုတယ်။ အဲ့ဒါ အပြည့်အစုံရှိနေလည်း ဘတ်ငွေ ၂၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး တစ် သောင်းကျော်) လောက်က ပေးရတယ်။ထိုင်းဘက်ကတော့ ညအိပ်ဆို ၃၀ ဘတ်၊ မအိပ်ရင် ၁၀ ဘတ်လောက်ပဲ ကုန်ပါတယ်။ စမတ်ကတ်မရှိရင်တော့ ၄၀၀ လောက် ပေးရတယ်။”

စမတ်ကတ် မရှိသူများအနေဖြင့် တံဆိပ်ရိုက်သည့် နေရာတွင် ဘတ် ၁၀၀ မှ ၂၀၀ ခန့်နှင့် အစိမ်းရောင်ကတ် ပြုလုပ်သည့် နေရာတွင် ဘတ် ၂၀၀ ခန့် ပေးဆောင်ရပြီး စုစုပေါင်း ဘတ် ၄၀၀ ဝန်းကျင်အထိ ကုန်ကျနေကြောင်း တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စမတ်ကတ်ရှိလည်း ပေးရပါတယ်။ ၂၀၀ ဘတ် လောက်ပါပဲ ပေးရတာ။ တစ်ခါမှ မဝင်ဖူးတဲ့ လူသစ်ကတော့ ပေးရတာ ပုံမှန်ပါပဲ။ ဘာပဲရှိရှိ အနည်းဆုံး အဲ့ကလူတွေကို ဘတ် ၁၀၀၊ ၂၀၀ဘတ် လောက်တော့ ပေးရတယ်။”

ထို့ပြင် စာရွက်စာတမ်း အပြည့်အစုံ ရှိသူများအနေဖြင့် ယခင်က မြန်မာဘက်တွင် ကျပ် ၁,၀၀၀ နှင့် ထိုင်းဘက် တွင် ဘတ် ၃၀ ခန့်သာ ကုန်ကျခဲ့သော်လည်း ယခုနောက်ပိုင်း တံဆိပ်ရိုက်သည့် နေရာ၌ အပိုငွေ ပေးဆောင်နေရ ခြင်း ဖြစ်သည်။

“ကျမတို့ခုမြင်တွေ့နေရတာက ကိုယ်မြန်မာနိုင်ငံက ဘတ်ကို ရာနဲ့ချီကောက်တာ။ ထိုင်းဖက်မှာကြတော့ အဲ့လောက်တောင် မကောက်ဘူး။ အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ အဲ့လောက်ထိတောင် မပေးရပါဘူး။ တံဆိပ်တုံးရိုက်တဲ့နေရာက အရင်ကတည်းက အဲ့လိုငွေပေးရတာ မရှိခဲ့ပါဘူး။ ဒီနောက်ပိုင်းမှ ရှိလာတာပါ” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ထို့ပြင် မယ်ဆိုင်မြို့သို့ ပထမဆုံးအကြိမ် သွားရောက်သူများထံမှ ဓာတ်ပုံရိုက်ခနှင့် QR Code Scan ခဟုဆိုကာ ဘတ် ၁၀၀ ထပ်မံ ကောက်ခံမှုရှိနေသည်။

တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတား၌ အခကြေးငွေ ပိုမိုကောက်ခံမှုများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဌာနဘက်က ငြင်းဆိုမှုများ ရှိသော်လည်း မြေပြင် ကောက်ခံမှုတွင် ကွာဟချက်များ ရှိနေကြောင်း ဒေသခံ အမျိုးသားက ပြောသည်။

“ဒီမြန်မာဖက်ကနေ ထိုင်ဖက်ကိုဝင်ဖို့က တကယ်တော့ UID စမတ်ကတ် မရှိရင်ဝင်လို့မရတာပါ။ သူတို့ လူကြီးတွေရှိရင် စမတ်ကတ်မပါတာနဲ့ ပေးကိုမဝင်တာ ပိုက်ဆံလည်း မယူဘူး။ သူတို့ လူကြီးမရှိရင်တော့ ပိုက်ဆံယူတယ် ပေးဖြတ်တာ အဲ့လိုပါ။”

ထိုသို့ သတ်မှတ် အခကြေးငွေများနှင့် မြေပြင် ကောက်ခံမှုကြား ကွာဟချက်များ ရှိနေသည့်အတွက် သက် ဆိုင်ရာ ဌာနများအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်း ထုတ်ပြန်ပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား လူနှင့် ယာဉ် များ ဖြတ်သန်းသွားလာရာ အဓိက တရားဝင် နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး ဒေသခံ ပြည်သူများနှင့် အလည်အပတ် ခရီးသွားများ နေ့စဉ် အသုံးပြုလျက်ရှိသည်။

Most read this week

ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...