နိုင်ငံအနှံ့ စစ်မျက်နှာအတွက် စစ်ကောင်စီက လက်နက်ခဲယမ်းများ တိုးမြှင့်ထုတ်လုပ်နေ

နိုင်ငံအနှံ့ စစ်မျက်နှာအတွက် စစ်ကောင်စီက လက်နက်ခဲယမ်းများ တိုးမြှင့်ထုတ်လုပ်နေ

မြန်မာနိုင်ငံရှိ နေရာအနှံ့တွင် စစ်မျက်နှာ ဖွင့်ထားရသည့် စစ်ကောင်စီသည် လက်နက်ခဲယမ်း လိုအပ်မှု မြင့်တက်နေပြီး လက်နက်ခဲယမ်း ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်လာနေကြောင်း သိရသည်။

လိုအပ်သည့် လက်နက်ခဲယမ်းများကို ပြည်တွင်းရှိ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) များမှ အဓိက ထုတ်လုပ်နေပြီး လက်နက်ခဲယမ်း အလျင်မီရေးအတွက် ရုန်းကန်နေရကြောင်း ပြောဆိုကြသည်။

“လက်နက်ငယ်ကျည်၊ လက်နက်ကြီးကျည်တွေကို တောက်လျှောက်သုံးနေရတဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။ ကြာလာရင်တော့ သုံးတဲ့အား ထုတ်တဲ့အား ဝန်နဲ့ အားမမျှတဲ့ အနေအထားမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ပြည်ပရန် ကာကွယ်ရေးအတွက် ဂိုဒေါင်များတွင် အရန်ထုတ်လုပ် သိမ်းဆည်းထားသည့် လက်နက် ခဲယမ်းများကိုပါ စစ်ကောင်စီက သုံးစွဲနေပြီး လက်နက်ခဲယမ်း ပိုမိုထုပ်လုပ်နိုင်ရေးအတွက် ကပစ စက်ရုံမှူးများကို ဖိအားပေးစေခိုင်းမှုများရှိနေကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

လက်နက်ထုတ်လုပ်မှုများကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်လေ့မရှိသော်လည်း ၂၀၂၃ နိုဝင်ဘာလက ရခိုင်ပြည်၊ ပေါက်တောတိုက်ပွဲတွင် စစ်ကောင်စီ၏ ၂၀၂၂ ခုနှစ် ကပစထုတ် ကျည်ဆန်များကို တွေ့ခဲ့ရသည်။

အလားတူ ရမ်းဗြဲတိုက်ပွဲတွင်လည်း ၂၀၂၃ ခုနှစ်ထုတ် ကျည်ဆန်များကို DMG က တွေ့ရှိ ခဲ့ရသည်။

လက်ရှိဖြစ်ပွားနေသော စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်၊ ကရင်နှင့် ကယားပြည်နယ်က တိုက်ပွဲများတွင်လည်း ယခုနှစ် (၂၀၂၅) မတ်လ၊ ဧပြီလနှင့် ဇူလိုင်လထုတ် လက်နက်ငယ်ကျည်များနှင့် လက်နက်ကြီးကျည်များကိုပါ တွေ့ရှိနေရခြင်းဖြစ်သည်။

“အခု တွေ့နေရတာက ၂၀၂၅ မှာ ထုတ်တဲ့ ကျည်တွေနဲ့ လက်နက်ကြီးတွေက ပိုများတယ်။ စစ်ကောင်စီဟာ ခုထုတ်၊ ခုပစ် အဲဒီလိုမျိုး အခြေအနေဖြစ်တဲ့ထိကို ရင်ဆိုင်နေရတာဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အကြမ်းဖက်စစ်ဆင်ရေးများအတွက် ပြည်တွင်းစစ် လက်နက်ထုတ်လုပ်ရေးအပေါ် အကြီးအကျယ်မှီခိုနေရပြီး တိုးမြှင့်ထုတ်လုပ်နေသော လက်နက်ခဲယမ်းများတွင် ၂၀၂၅ ခုနှစ်ထုတ် လက်နက်ခဲယမ်းများကိုပါ တွေ့ရကြောင်း တမာအင်စတီကျူ၏ မေလ ၃၀ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

အခြားတစ်ဘက်တွင် စစ်မှုထမ်းအမှတ်စဉ်တစ်ခုလျှင် လူဦးရေး ငါးထောင်နှုန်းဖြင့် စစ်ကောင်စီ၏ လူသစ်စုဆောင်းမှုမှာ ယခုအခါ အမှတ်စဉ် ၁၅ နှင့်အတူ လူဦးရေ ခုနှစ်သောင်းကျော် ရှိလာနေသဖြင့် လက်နက်ခဲယမ်းထုတ်လုပ်မှုကို တိုးမြှင့်နေရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ မကွေး၊ ပဲခူး၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းတို့တွင် ကပစ စက်ရုံ ၂၅ ရုံ ရှိပြီး ယင်းစက်ရုံများကို စစ်ကောင်စီအရာရှိ ၂၈ ဦးမှ တာဝန်ယူကာ လက်နက်ငယ်၊ လက်နက်ကြီးအပြင် ကျည်ဆံ၊ ဗုံး၊ ဒုံးကျည် စသည့် စစ်ဘက်ကာကွယ်ရေး ပစ္စည်းများထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...