မော်လမြိုင်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့အဝင်အထွက် တံတားတွေ ပိတ်ချိန်တိုးမြှင့်

မော်လမြိုင်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့အဝင်အထွက် တံတားတွေ ပိတ်ချိန်တိုးမြှင့်

နယ်မြေတည်ငြိမ်အေးချမ်းနေတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက်တံတား ပိတ်ချိန်တွေ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မြို့ရဲ့ မြို့ဝင်၊ မြို့ထွက်တံတားတွေဖြစ်တဲ့ သံလွင်တံတား (မော်လမြိုင်)နဲ့ အတ္ထရံတံတား (မော်လမြိုင်)ကိုပါ လုံခြုံရေးအကြောင်းပြချက်နဲ့ တံတားပိတ်ချိန် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရင်က သံလွင်တံတားနဲ့ အတ္ထရံတံတားကို မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ရာမှ ဇူလိုင် ၁၆ ရက်နေ့ကစတင်ပြီး မနက် ၆ နာရီကနေ ည ၈ နာရီအထိသာ ဖြတ်သန်းသွားလာခွင့် ပြုတော့တာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက လုံခြုံရေး အကြောင်းပြချက်နဲ့ တံတားဖွင့်ချိန် လျော့ချလိုက်တာကြောင့် မနက်ပိုင်း ဈေးသည်တွေအပြင် ခရီးသွားတွေအတွက်ပါ အခက်အခဲ ရှိလာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အဓိကတော့ ဈေးသည်တွေက သွားလာရ ခက်ခဲသွားမှာပေါ့နော်။ ဒါပေမယ့်လည်း တံတားလုံ ခြုံရေးအရဆိုတော့ ကျွန်တော်တို့ကလည်း ဘာမှပြောလို့တော့ မရဘူးပေါ့နော်။ သူတို့လုံခြုံရေး အခြေ အနေအရ လုပ်ရတယ်ဆိုတော့ အခက်အခဲကတော့ မနက်ဈေးသမားတွေကတော့ ပိုဒုက္ခရောက်သွားမှာပေါ့။ နောက်ညပိုင်း စောစောပိတ်တဲ့ အခါကျတော့ ဒီခရီးသည်တင်ကားတွေကတော့အရောက်မောင်းရတဲ့ အခက်အခဲတွေတော့ ရှိသွားမှာပေါ့”လို့ ဆိုပါတယ်။

တံတား ဖွင့်ချိန်ကို စစ်ကောင်စီက နှစ်နာရီ လျော့ချလိုက်တာကြောင့် အလုပ်သွားအလုပ်ပြန် အ ခြေခံလူတန်းစားတွေအပြင် ဈေးရောင်းချသူတွေ၊ ညပိုင်း အလုပ်လုပ်ကိုင်သူတွေအပါအဝင် ခရီး သွားပြည်သူတွေကအစ အခက်အခဲ ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက်တံတား ဖွင့်ချိန်တွေကို လျှော့ချတာ၊ တံတားမှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ဆိုင်ကယ် ခိုးယူလုယက်ပြီး တခြားမြို့ ထွက်ပြေးသွားသူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိပါဘူး။

အခုလို စစ်ကောင်စီက မြို့ဝင်၊ မြို့ထွက် တံတားဖွင့်ချိန်တွေကို လျှော့ချလိုက်တာကြောင့် ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှုတွေကိုပါ ထိခိုက်လာတဲ့အပြင် ခရီးသွားလာတာတွေကအစ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။

March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...
March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...
ဓာတ်ပုံ-CJ
March 28, 2026
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့်...
March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...