မွန်တွင် စစ်အုပ်စု၏ အသွင်ပြောင်းအစိုးရလက်ထက် လုံခြုံရေး ပိုမိုကင်းမဲ့လာ

မွန်တွင် စစ်အုပ်စု၏ အသွင်ပြောင်းအစိုးရလက်ထက် လုံခြုံရေး ပိုမိုကင်းမဲ့လာ
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု များ လျော့နည်းလာပြီးနောက် လုံခြုံရေး ပိုမို ကင်းမဲ့လာကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် ဩဂုတ်လ ၂၈ ရက်တွင် ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့ရှိ "ကိုကို ညီညီ" လျှပ်စစ်ပစ္စည်းဆိုင်သို့ လက်နက်ကိုင် အမျိုးသား ၃ ဦးက အနုကြမ်းဝင်စီး၍ မီးခံသေတ္တာ ယူဆောင်သွား ခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၂၅ ရက်ကလည်း လမိုင်းမြို့တွင် အမျိုးသားတစ်ဦးက ပစ္စတိုသေနတ်ပြကာ မော်တော်ယာဉ် တစ်စီးကို လုယက်မောင်းနှင် ထွက်ပြေးသွားသည့် ဖြစ်စဉ်အပါအဝင် လူသတ်မှု၊ ဆိုင်ကယ်လုယက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရအနေဖြင့် အပြည့်အဝ ထိန်းချုပ်ထားသည့် မြို့ကြီးများ၌ပင် တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံရေး ကင်းမဲ့လာသည့်အပေါ် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

ဒေသခံတစ်ဦးက “ညဘက် ညရေးညတာလည်း တစ်ယောက်တည်း ဆိုရင် မလုံခြုံတော့ဘူး၊ တကယ်တမ်း ဆိုရင် အရင်တုန်းကဆိုရင် ရဲတပ်ဖွဲ့တို့ စစ်တပ်တို့ ရှိတယ် ဆိုရင် ကျွန်တော်တို့က တစ်ယောက်တည်း ဆိုရင် လည်း မကြောက်တော့ဘူးဗျာ၊ သူခိုးဓားပြရန်ကနေ ပြီးတော့ ကင်းတာပေါ့၊ အခုက သူတို့ ကိုယ်တိုင်က အဲဒီလို ဖြစ်နေတဲ့အခါကျတော့ ပြည်သူက ဘယ်သူကို ယုံကြည်ပြီးတော့ အားကိုးရမလဲပေါ့၊ ပြည်သူ တော်တော်များ များက ကြောက်ရွံ့မှုနဲ့ စိုးရိမ် ထိတ်လန့်မှုတွေက ပိုများများ လာတာပေါ့” ဟု ပြောသည်။

ထို့ပြင် ဒေသတွင်း၌ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပြီး လုံခြုံမှု မရှိတော့သဖြင့် နေ့စဉ် ဝမ်းစာရှာဖွေ စားသောက် ရန်ပင် အခက်အခဲ ရှိလာသည့်အပြင် မိမိတို့၏ လုံခြုံရေးကို စိုးရိမ်စိတ်ဖြင့် ကိုယ်တိုင် တာဝန်ယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အနုကြမ်းစီး လုယက်မှု ဖြစ်စဉ်များတွင် သေနတ်များ ကိုင်ဆောင်ထားကြသဖြင့် သာမန် သူခိုးဓားပြများထံ၌ သေနတ် ရှိမနေနိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

တစ်ဖက်တွင် စစ်အုပ်စုတပ် အသွောင်းပြောင်း အစိုးရ လက်အောက်ခံ စစ်အုပ်စုတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် အဖွဲ့နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များသည် မြို့ဝင်၊ မြို့ထွက်များ၌ စစ်ဆေးခြင်း၊ မြို့တွင်း ပိတ်ဆို့ ရှာဖွေခြင်းများ လုပ်ဆောင်နေသော်လည်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေဆဲဖြစ်သည်။

မွန်ပြည်တွင် စစ်အုပ်စုတပ်က အသွင်ပြောင်း စစ်အစိုးရအဖြစ် ပြောင်းလဲလာသော်လည်း မကြာခဏဆိုသလို ဆိုင်ကယ်ခိုးယူမှုများ၊ လက်နက်ပြ လုယက်မှုများ၊ လူသတ် ခိုးဆိုးလုယက်မှုများနှင့် အခြား ဒုစရိုက်မှုများ ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူ အများစုကိုမူ ဖမ်းဆီးရမိခြင်း မရှိပေ။

(ဓာတ်ပုံ - MOI)

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...