ချင်းလက်နက်ကိုင်အဖွဲ့များအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထား

ချင်းလက်နက်ကိုင်အဖွဲ့များအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထား

အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့မှာ ဇူလိုင် ၄ ရက်နဲ့ ၅ ရက်မှာ CNO/ CNDF နဲ့ CDF – Hualngoram တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယဖက်ခြမ်း၊ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အထူးသတိဖြင့်ရှိကြရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး Pu K Sapdanga က အတည်ပြုပြောကြားခဲ့တယ်လို့ ဇူလိုင် (၉) ရက်နေ့မှာ India Today သတင်းဌာနက ဖော်ပြပါတယ်။

ချင်းလက်နက်ကိုင်တစ်ဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရိခေါဒါရ်မြို့ Khawmawi နဲ့ အနီးအနားရှိ ဒေသများမှ ဒေသခံ ဒုက္ခသည် ၃၀၀၀ နီးပါး ဇိုခေါထာရ်မှာ ခိုလှုံလျက်ရှိပြီး ထိုမှတစ်ဆင့် အချို့မှာ အခြား မီဇိုရမ်ပြည်နယ်တွင်းက အခြားမြို့များမှာ ဆက်လက်ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပါတယ်။

ဒါကြောင့် မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက မီဇိုရမ်နယ်စပ်အနီး လက်နက်ကိုင်အဖွဲ့များ တိုးပွားလာခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး နေရပ်စွန့်ခွာရသူအားလုံးကို မီဇိုရမ်အတွင်းသို့ ထပ်မံပြန့်ကျဲမသွားဘဲ ဇိုခေါထာရ်အတွင်း၌သာ နေထိုင်စေရန် တိုက်တွန်းညွှန်ကြားခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့လည်း နယ်စပ်အခြေအနေကို သတိရှိစွာ စောင့်ကြည့်နေပြီး နိုင်ငံတကာ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းရန် ရဲတပ်ဖွဲ့များအပါအဝင်၊ အရန်တပ်ဖွဲ့များကလည်း စဉ်ဆက်မပြတ် ကင်းလှည့်စစ်ဆေးမှု ဆောင်ရွက်လျက် ရှိနေပါတယ်။

စစ်ဘေးရှာင်လာသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် Young Mizo Association (YMA) က ယာယီခိုလှုံရာနဲ့ ကူညီကယ်ဆယ်ရေးများပေးအပ်ရန် ဆောင်ရွက်လျက်ရှိပြီး Champhai ခရိုင် ဒုတိယကော်မရှင်နာမင်းကြီးကိုလည်း ဒုက္ခသည်များရဲ့ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံများ ပြုလုပ်ရန် ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှ ဝင်ရောက်လာသူအားလုံး တရားဝင်သက်သေခံကတ်ပြား တင်ပြရန် လိုအပ်သော်လည်း၊ မကြာသေးမီက ရောက်ရှိလာသူ အများအပြားဟာ လက်နက်ကိုင်ပဋိပက္ခများကြားကနေ ထွက်ပြေးလာကြသူ များဖြစ်တဲ့အတွက် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိတဲ့အပေါ် အာဏာပိုင်များက စိုးရိမ်လျက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

ထို့ကြောင့်လည်း ဒုက္ခသည်အားလုံးကို ဇိုခေါထာရ်တွင်သာ စုစည်းနေထိုင်ကြစေရန် ညွှန်ကြားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဒေသခံအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေပြီး အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ဗဟိုအစိုးရထံမှ အပိုထောက်ပံ့ကူညီမှုများကိုလည်း ပြည်နယ်အစိုးရက တောင်းခံထားပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရက နယ်စပ်တစ်လျှောက် တင်းမာမှုဖြစ်ပွားချိန်တွင် ပဋိပက္ခဖြစ်ပွားတဲ့ နှစ်ဖက်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် ထပ်လောင်းပြောကြားခဲ့ပြီး ပဋိပက္ခ ပိုမိုပြင်းထန်စေခြင်း၊ အရပ်သားများအတွက် အန္တရယ်ဖြစ်စေခြင်းများ မပြုလုပ်ရန်လည်း တောင်းဆိုထားပါတယ်။

CNO/CNDF နဲ့ CDF-Hualngoram နှစ်ဖွဲ့ကြား ပြေလည်ရေးဆွေးနွေးမှုကို ဇူလိုင် (၅) ရက်နေ့က အိုင်ဇော်မြို့မှာ ပြုလုပ်ရန် စီစဉ်ခဲ့ပေမယ့် တစ်ဖက်အင်အားစုက တက်ရောက်မှုမရှိတာကြောင့် အစီအစဉ်မဖြစ်မြောက်ခဲ့ဘူးလို့ CNDF ဖက်က ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးဖက်ကလည်း နှစ်ဖက်ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် CNDF ဖက်က ယခင်အခြေချစခန်းသို့ မိမိတပ်များပြန်ဆုတ်ဖို့ရန်ပြောဆိုခဲ့သော်လည်း အဆိုပါနေ့တွင်ပင် CNDF က ရိခေါဒါရ်မြို့ကို သိမ်းယူခဲ့ပြီး CDF-Hualngoram ပါဝင်တဲ့ Chinland Council တပ်ဖွဲ့ဝင်များကလည်း CNDF ရဲ့ Leilet စခန်းကို ရယူခဲ့ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...