မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ အကျဉ်းထောင်ရှိ အကျဉ်းသား၊ သူများ အစာအာဟာရ ပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေနေဆိုးရွားသူများလာနေတယ်လို့ တပ်မှ KIA ပူးပေါင်းတပ်ထံ ထွက်ပြေးလာသူတွေဆီကနေ သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းနေရာတစ်ချို့နဲ့ ရှေ့ကာကင်းစခန်းအများပြား သိမ်းယူထားနိုင်ပြီဖြစ်ပေမယ့် ဗန်းမော်အကျဉ်းထောင်အနီးရှိ စကခ (၂၁) တပ်စခန်းနေရာကိုတော့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
တိုက်ပွဲကာလကြာမြင့်လာတာနဲ့အမျှ စစ်တပ်ဘက်လည်း ရိက္ခာပြတ်လပ်လာမှုနဲ့အတူ အကျဉ်းသား၊ သူတွေ ပြောင်းဖူးဆံတစ်မျိုးတည်းကိုသာ ချက်ကျွေးနေရတယ်လို့ သိရပြီး အစာအာဟာရပြတ်လပ်မှု ကြုံတွေ့နေကြရတယ်လို့ တပ်မှထွက်ပြေးလာသူတွေရဲ့ထွက်ဆိုချက်အရ သိရပါတယ်။
“အထဲမှာက ရိက္ခာပြတ်လပ်လာတော့ အကျဉ်းကလူတွေကိုလည်း ပြောင်းဖူးဆံကို ဒီတိုင်းတစ်မျိုးထဲပြုတ်ကျွေးရတာ။ သူတို့လည်း အဲဒါကြီးပဲ မစားနိုင်ဘူးဆိုတော့ ပြောင်းဆံကို တစ်ခါပြန်ကြိတ်ခွဲပြီးတော့ ချက်ကျွေးရတယ်။ အဖက်ဖက်က ခက်လာတော့ ထောင်မှာက ကျန်းမာရေးထိခိုက်သူတွေများလာတယ်” လို့ တပ်ကထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။
ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းကျနေသူတွေဟာ တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေဆီက ထောင်ဝင်စာမရတော့တဲ့အပြင်၊ တရားဝင်မဟုတ်တဲ့နည်းလမ်းတွေနဲ့လည်း အဆက်သွယ်မရတော့ (၆)လ ခန့်ရှိလာပြီဖြစ်ပါတယ်။
ဇွန်လနောက်ဆုံးသိရှိရတဲ့အချက်လက်တွေအရ အာဟာရပြတ်လပ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အတွက် သေဆုံးသူလည်းရှိနေတယ်လို့ သိရပါတယ်။
“အကျဉ်းထောင်ဆိုတော့ လူစုတဲ့နေရာလေ ရောဂါတစ်ခုခုဆိုကူးကြဖို့လွယ်တယ်။ တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းဆို အစာကကောင်းကောင်းမစားရ၊ ရေချိုးရတာကအစခက်သွားတာ။ ယားနာဖြစ်တဲ့သူကဖြစ် သေတဲ့သူလည်း ရှိနေတယ်” လို့ အထက်မှာ ဖော်ပြတဲ့ တပ်တွင်းထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်သားတစ်ချို့ကို စစ်တပ်ဘက်က လက်နက်တပ်ဆင်ပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဗန်းမော်အကျဉ်းထောင်ရှိတဲ့ စကခ (၂၁)ဘက် စစ်ဆင်ရေးမှာပါဝင်နေတဲ့ KPDF တစ်ဦးက ခုလိုသုံးသပ်ပါတယ်။
“လက်နက်တပ်ဆင်ထားတယ်ဆိုတာ ကျနော်တို့လည်းကြားမိပါတယ်။ ဒါပေမယ့် ဘယ်လိုအကျဉ်းသားတွေကို တပ်ဆင်ပေးထားလဲဆိုတာတော့ သေသေချာချာမသိရသေးဘူး။ တစ်ခါတစ်လေထောင်ကနေ အော်သံလည်းကြားတယ်။ KIA/PDF ဘာဖြစ်တယ် ညာဖြစ်တယ် အလိုမရှိတဲ့ပုံစံ အော်နေတာ ကြားမိတာရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စကစက လက်နက်တပ်ဆင်ပေးထားပြီး စည်းရုံးသိမ်းသွင်းထားတာတွေရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ဇွန်လ ၂၆ ရက်နေ့ ဗန်းမော်အကျဉ်းထောင်မှ အချုပ်စခန်းတစ်ခု KIA ပူးပေါင်းတပ်ရဲ့လက်နက်ကြီးကျပေါက်ကွဲလို့ အကျဉ်းသား ၈ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝန်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ အကျဉ်းသားတွေ အချိန်မီဆေးကုသခွင့်မရတာကြောင့် အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသူ ၆၃ ဦးရှိတယ်လို့ AAPP ရဲ့ ၂၀၂၄ ခုနှစ်အောက်တိုလ ထုတ်ပြန်ချက်အရ သိရပါတယ်။







