မင်းလှမြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်က မီးထပ်ရှို့

မင်းလှမြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကောင်စီတပ်က မီးထပ်ရှို့

ဓါတ်ပုံ – ပဲခူးတိုင်း မင်းလှမြို့နယ် အရှေ့ခြမ်းရှိ ခွက်မ ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် မီးရှို့ ဖျက်စီးနေသည်ကို အဝေးမှ တွေ့ မြင်ရစဉ် (မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အရှေ့ခြမ်း ခွက်မကျေးရွာနှင့်ကျွဲမကိုင်းကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေရာ ဒေသခံများ ထွက်ပြေးနေရကြောင်း မင်းလှမြို့နယ် (ပကဖ) ထံမှ သိရသည်။

ယနေ့ (ဇွန်လ ၂၅ ရက်) မနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ခွက်မကျေးရွာနှင့် နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင် ကျွဲမကိုင်းကျေးရွာများရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် (ပကဖ) တာဝန်ရှိသူက ပြောသည်။

“ညက ခွက်မရွာကို လက်နက်ကြီးနဲ့ထုတယ်၊ ခုမနက်မှ ဝင်ပြီးမီးရှို့တာ၊ ဒေသခံတွေကတော့ မနေ့ညနေကတည်းက ပြေးရတာ၊ အသက်ကြီးဘိုးဘွားတွေပဲ ရွာမှာကျန်တယ်၊ ခေါ်လို့မရလို့ သေလည်းရွာမှာပဲ သေမယ်ပြောနေကြလို့ ခေါ်မရဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မင်းလှမြို့နယ်၊ အုတ်တွင်းရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်က အရာရှိများအပါအဝင် အများအပြားသေဆုံးခဲ့သည်။

ယင်းနောက် ဇွန်လ ၁၉ ရက်နေ့ မှ စတင်၍ မင်းလှနယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများတွင် တပ်ဖြန့်ထားကာ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“၂၀ ရက်နေ့ကစပြီး မီးရှို့နေတာ ဒီနေ့ နေ့လယ်ထိ ရွာ ကိုး ရွာ ရှိနေပြီ၊ ရန်ကုန် – ပြည်ကားလမ်းနဲ့ ရိုးမကြားကရွာတွေကို အကုန်ရှို့မယ်လို့ သတင်းထွက်နေတာ” ဟု မင်းလှမြို့နယ် (ပကဖ) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့မှ ယနေ့ (ဇွန်လ ၂၅ ရက်) အထိ ခြောက်ရက်တာ ကာလအတွင်း မင်းလှနယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သည့် တောင်ပြတ်ရွာ ၊ဦးတိုကျွဲလမ်းစုရွာ၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ဗိုလ်တထောင်၊ ငလှစမ်းရွာ၊ ခွက်မရွာနှင့် ကျွဲမကိုင်းရွာများကို မီးရှို့ဖျက်ဆီးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းများအတွင်း ဒေသခံပြည်သူ ၂၁ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရသူများ၏ အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း မင်းလှမြို့နယ် (ပကဖ) တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်းကုန်း၊ ဆားချောင်း (အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ တောင်လိမ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း (အနောက်)၊ ဆင်အိုင်ချောင်းပေါက် စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်မှ ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း မင်းလှမြို့နယ် (ပကဖ) အဖွဲ့က ပြောသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...