တောင်ငူ၊ မကျီးပင်အင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီက ရွာရှိနေအိမ်များကို မီးရှို့

တောင်ငူ၊ မကျီးပင်အင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီက ရွာရှိနေအိမ်များကို မီးရှို့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မကျီးပင်အင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီက ဇွန်လ (၁၁) ရက်နေ့က ရွာအတွင်းဝင်ရောက်လာပြီး ဒေသခံပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်ဟု တောင်ငူမြို့နယ်နေဒေသခံများက ပြောသည်။

ယမန်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကျီးပင်အင်းရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်‌ကောင်စီတပ်သားများက ရွာရှိ လူ‌နေအိမ်များကို ထိုသို့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်ရှိ တိုက်ပွဲဖြစ်နေတာက မကျီးပင်အင်းရွာမှာပါ။ အရင်တိုက်ပွဲဖြစ်တဲ့ စပါးကြွယ်ရွာနဲ့ နီးပါတယ်။ အခု စပါးကြွယ်ရွာနဲ့ ကြို့ပင်ဆိပ်ရွာမှာ သူတို့ပြန်ထိုင်နေတယ် ကြားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ နီးတော့ ခုချိန်ထိ မပြန်ရသေးပါဘူး။ စစ်ရှောင်နေတာ တစ်လ ပြည့်တော့မယ်။ ကိုယ့်ရွာ ကိုယ့်အိမ် ဘာဖြစ်လဲ မသိရဘူး” ဟု စပါးကြွယ်ရွာခံ အမျိုးသားတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အိမ်ခြေ ၁၂၀ ခန့်မှ လူဦးရေ ၅၀၀ ကျော်ရှိသည့် မကျီးပင်အင်းရွာလုံးကျွတ်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေလတ်သံသတင်းမီဒီယာက ယမန်နေ့ရက်စွဲဖြင့် ဖော်ပြထားသည်။

မီးရှို့ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အရေအတွက်ကိုမူ ကေအိုင်စီသတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ၂၃ ရက်က မကျည်းပင်အင်းရွာအနီးရှိ စပါးကြွယ်ရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဥ်တွင်လည်း ရွာအတွင်းဝင်ရောက်၍ ဒေသခံနေအိမ်များကို မီးရှို့ခဲ့ရာ အိမ် ၇၀၀ ကျော် မီးလောင် ပျက်စီးသွားသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ ကေအိုင်စီကသတင်းဖော်ပြဖူးသည်။

ထိုကာလကတည်းက စပါးကြွယ်ရွာအပါအဝင် ကြို့ပင်ဆိပ်၊ ကျောင်းကုန်း၊ နတ်စင်ကုန်း၊ သရက်ပင်ကုန်း၊ ကပါးနီ စသည့် အနီးတဝိုက်ရှိ ရွာများစစ်ဘေးတိမ်းရှောင်နေရသည်။

‌တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိတွေ့တိုက်ပွဲများကြောင့် မေ ၂၂ ရက်နေ့မှစတင်ပြီး ဖော်ပြပါရွာများမှ ဒေသခံစစ်ရှောင် ၃,၀၀၀ ကျော်အနက် စစ်ရှောင်အများစုမှာ ယခု ဇွန်လအထိ နေရပ်မပြန်ရဲသေးပဲ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...