ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ

ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - GEM
၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - GEM

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ (ရွာဟောင်း) ကျေးရွာကို ယနေ့ (မေ ၁၃)၊  နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီက ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဂျက်ဖိုက်တာနှင့် ပေါင် ၅၀၀ ဗုံးဖြင့် ကျေးရွာအတွင်းကို ဗုံးကြဲချခဲ့မှုကြောင့် သေဆုံးဒဏ်ရာရသူ များပြားကာ နေအိမ် ၁၀ ကျော်လည်း ပျက်စီးသွားခဲ့သည်။  

“သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေလည်း အများအပြားပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်ကို ကောက်ယူနေပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးခန်းများ၌ ဆေးဝါးကုသမှု ပေးနေသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

ထွန်းရဝေကျေးရွာသည် ပုဏ္ဏားကျွန်း - ရသေ့တောင်ကားလမ်းမအနီးတွင် တည်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းစသည့် ဒေသမှ စစ်ဘေးရှောင်အများအပြား ခိုလှုံနေသည့် ကျေးရွာတစ်ခုဖြစ်သည်။

ယင်းကြောင့် ဒေသခံအများစုမှာ စိုးရိမ်စိတ်များစွာဖြစ်နေကြောင်း ပြောဆိုကြသည်။

အလားတူ ယနေ့ (မေ ၁၃)၊ နံနက် ၄ နာရီဝန်းကျင်ကလည်း ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ငလျင်ကို အကြောင်းပြပြီး နိုင်ငံတဝန်း အပစ်ခတ်ရပ်ထားကြောင်း ကြေညာထားသည့် စစ်ကောင်စီသည် လူနေကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံ၊ ဆေးခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည်။

CDM ဗိုလ်ကြီးဇင်ယော်က "သူတို့ (စစ်ကောင်စီ) က ပြည်သူကို ရှုံးမဲ့မဲ့တော့တာ။ ကာကွယ်ရေးအင်အားစုတွေနဲ့ တွေ့တိုင်း မြေပြင်တိုက်ပွဲတွေမှာ သူတို့တွေ မရှုမလှ ရှုံးရတယ်ပေါ့နော်။ များသောအားဖြင့် စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ ဒီလိုနေရာမျိုးတွေကိုပဲ ရွေးချယ်ပြီးပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ လက်နက်မဲ့ ပြည်သူတွေကိုပဲ ဖိလုပ်လာတဲ့ စစ်ရှုံးအကြမ်းဖက်တပ်ရဲ့ လုပ်ရပ်လို့ပဲ ကျနော်တို့ကတော့ မြင်မိပါတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်ပွဲနှင့် မသက်ဆိုင်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ဝေဖန်နေကြသည်။

နိုင်ငံအနှံ့အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်မြင့်တက်လျက်ရှိနေသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...