ကျောက်ဖြူတိုက်ပွဲပြင်းထန်၊ AA သိမ်းပိုက်နေရာများကို စစ်ကောင်စီ ထိုးစစ်ဆင်နေ

ကျောက်ဖြူတိုက်ပွဲပြင်းထန်၊ AA သိမ်းပိုက်နေရာများကို စစ်ကောင်စီ ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်ကစပြီး ယနေ့အချိန်ထိ အာရက္ခတပ်တော်ထိန်းချုပ်နေရာများကို စစ်ကောင်စီဘက်က စစ်ကြောင်းများ ဖြန့်ကျက်တိုက်ခိုက်မှု အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိနေခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ဖြန့်ကျက်ပြီး ချီတက်လာတာ။ ထိုးစစ်ဆင်တဲ့ သဘောပေါ့။ တပ်တော် (AA) ဘက်ကတော့ သူတို့ (စစ်ကောင်စီ တပ်သား) တွေလိုချင်တဲ့ ပွိုင့်တွေကို မရဖို့ကာ ကွယ်ရတာဆိုတော့ တိုက်ပွဲက တော်တော်လေး ပြင်းထန်လာနေတယ်” ဟု စစ်မြေပြင်အခြေအနေကိုသိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့် သံဇစ်မြစ်ကြောတို့တွင် နေရာယူထားသော စစ်ကောင်စီ၏ စစ်သင်္ဘော ၇ စီးကနေ ပစ်ကူတိုက်ခိုက်မှုနှင့်အတူ လေယာဉ်၊ ဒရုန်းအပြင် စက်တပ်လေထီးများကိုပါ တွင်တွင်ကျယ်ကျယ် အသုံးပြု၍ တိုက်ခိုက်လာနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်၍ပြောသည်။

လက်ရှိတွင် AA ထိန်းချုပ်၊ စိုးမိုးခဲ့သော လိပ်ခ‌မော်၊ မလကျွန်းနှင့်  ပြင်ရှည်ကျေးရွာများအထိ ထိုးစစ်ဆင်တိုက် ခိုက်နေပြီး ယင်းကျေးရွာများ၏ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူထားကြောင်း သိရသည်။

“မလကျွန်းနဲ့ ပြင်ရှည်ရွာကို စစ်ကောင်စီ ထိုးစစ်ဆင်တာ ဧပြီလ အစောပိုင်းကတည်းကပါ။ အခုဆို အဲဒီရွာတွေမှာ စစ်ကောင်စီတပ်သားတွေက အခိုင်အမာ နေရာရယူထားတဲ့ အခြေအနေမျိုး ဖြစ်သွားပြီ။ အဲဒီနေရာတွေမှာ ထိတွေ့တိုက်ပွဲတွေကတော့ သင်္ကြန်ကျခါနီးကတည်းက အခုချိန်ထိတော့ နေ့တိုင်းလိုလို ပြင်းထန်ဆဲလို့ ပြောနိုင်တယ်” ဟု မလကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၄ ) ညနေပိုင်းကလည်း ရေနံတောင်ကျေးရွာကို စစ်ကောင်စီက အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ပြင်ရှည်၊ မလကျွန်းနှင့် လိပ်ခမော်ကျေးရွာအပြင် ကျောက်ဖြူ ဒေသတွင်လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲနေရာများမှာ စစ်ကောင်စီ၏ တပ်စခန်းများနှင့် တရုတ်စီမံကိန်းများကို ထိန်းချုပ်ရန် အရေးပါသော နေရာများဖြစ်သည်။

“စစ်ကောင်စီက ထိုးစစ်ဆင်တယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းက ကျောက်ဖြူကို လက်မလွှတ်ရေး အတွက် အသည်းအသန်ကာကွယ်တာမျိုးလို့ပဲ ယူဆတယ်။ တိုက်ပွဲဆိုတာ ဗျူဟာအရ နယ်မြေတွေ ရှေ့တိုးရသလို နောက်ဆုတ်ရတဲ့ သဘောလည်းရှိတာမို့ AA ဘက်ကတော့ အခွင့်အကောင်းတွေကို စောင့်နေတာလို့ပဲ မြင်မိတယ်” ဟု ကျေက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ် ပြင်ရှည်ရွာနှင့် ကုလာဘာရွာကြား၊ လိပ်ခမော်နှင့် မလကျွန်းရွာ သစ်ကြား၊ နှမ်းဖဲတောင်နှင့် ကန္ဒီးကျေးရွာကြား၊ စစ်တောနှင့် စည်မော်ကျေးရွာကြားတို့တွင် တိုက်ပွဲ ၄ နေရာအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်သည်  ရခိုင်ပြည် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့် စစ်ရေးအရ အရေးပါသော အခွင့်အလမ်းနှင့် ပင်လယ်ထွက်ပေါက်တို့ရှိပြီး လက်ရှိတွင် တရုတ်စီမံကိန်းများမှ ဒေါ်လာ ဘီလီယံနှင့်ချီသော အကျိုးအမြတ်များကို စစ်ကောင်စီက  ရရှိနေသောနေရာလည်း ဖြစ်သည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ရောင်းရခြင်းမှ နှစ်စဉ်ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၅၀ မီလီယံနှင့် ကျောက်ဖြူမှ တရုတ်သို့ ရေနံပိုက်လိုင်းမှတဆင့် ရေနံစိမ်းဖြတ်သန်းတင်ပို့ခအဖြစ် နှစ်စဉ်ဒေါ်လာ ၂၅ မီလီယံခန့် ရရှိနေကြောင်း ရခိုင်ရေနံစောင့်ကြည့် ရေးအဖွဲ့ (Arakan Oil Watch) ၏ အစီရင် ခံစာက ဆိုသည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...