ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။

ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွားပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“တရားဝင် တင်ဆောင်လာတဲ့ စားသောက်ကုန်တွေ ကားကြီးကားငယ်ကစ စစ်ဆေးတယ်။ လူတင်သမျှ ကားတွေအားလုံးကို ရပ်ခိုင်းပြီးတော့ စစ်ဆေးတယ်၊ ထောက်ခံချက်မပါရင် ပေးမသွားဘူး။ ကားသမားကိုလည်း အာကျယ်အာကျယ်နဲ့ ရစ်တယ် ဆဲဆိုတယ်။ ငွေကိုလည်း အဆမတန် တောင်းခဲ့တယ်၊ ခရီးသည်တွေကိုလည်း ကားပေါ်က ဆင်းခိုင်းပြီး လမ်းလျှောက်ခိုင်းတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်မှ စစ်ဆေးတင်းကြပ်၍ ရစ်ကာ ဆဲဆိုခြင်းများပြုမူသည့်အပြင် ငွေညှစ် တောင်းခံခြင်းများကြောင့် ခရီးသွား ပြည်သူများနှင့် ကားသမားများကို အခက်အခဲ ဖြစ်စေကြောင်း ၎င်းက ဆက်ဆိုသည်။

ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသည် ယခုနှစ်ဆန်းပိုင်းမှ စ၍ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ် ခရီးသည်တင်ယာဉ်များကို စစ်ဆေးမှုများ တင်းကြပ်ခဲ့သည်။

အလားတူ ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ၏ ကောင်းလန်း စစ်ဆေးရေးဂိတ်တွင် ‌ထောက်ခံစာများနှင့် ကုန်ပစ္စည်းများကို မကြာခဏ စစ်ဆေးမှု ကြမ်းတမ်းလေ့ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၁၃၁၊ မိုင်းနောင်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂ ၊ ခလရ-၉ နှင့် ခလရ-၂၈၆ တပ်ရင်းတို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်လည်း အခြေစိုက်ထားသည်။

February 9, 2026
စိုင်းဟန်လင်း — ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က...
February 7, 2026
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း...
February 6, 2026
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဝမ်စယ်ကျေးရွာသား (၉) ဦးကို...
February 6, 2026
စိုင်းဆိုင်အိုက် — မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း...