တောင်ကြီးတွင် စစ်အုပ်စုတပ်နှင့် PNO က စစ်အသုံးစရိတ် တစ်လ ကျပ် ၅ သောင်း ကောက်ခံနေ

တောင်ကြီးတွင် စစ်အုပ်စုတပ်နှင့် PNO က စစ်အသုံးစရိတ် တစ်လ ကျပ် ၅ သောင်း ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က စစ်အသုံး စရိတ်အတွက် တစ်လလျှင် ကျပ် ၅ သောင်း ကောက်ခံနေသည်။

စစ်အုပ်စုတပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ် အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ် ၅ သောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။

ထိုသို့ ညွှန်ကြားထားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျေးရွာအတွင်း တစ်အိမ်လျှင် ကျပ် ၅ သောင်း လိုက်လံကောက်ခံပေးနေရသည့်အပြင် PNO တပ်အတွက် စစ်အသုံးစရိတ် ကျပ် ၃ သောင်းပါ ထပ်မံပေး ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

“တစ်လကို စစ်တပ်အတွက်က ငါးသောင်း PNO အတွက်က သုံးသောင်း လတိုင်းပေးရတယ်။ တစ်ခါတစ်လေ ဆိုလည်း နှစ်လတစ်ခါမှ ကောက်တယ်။ လကုန်ပြီဆို အကြွေးရှင်လိုပဲ အိမ်ကို ရောက်လာပီ မထည့် မနေရဆို တော့ မထည့်ရင် စစ်မှုထမ်းခေါ်မှာလည်း ကြောက်ရသေးတယ်” ဟု တောင်နီဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်မှုထမ်းကြေး ပေးနေရသည်မှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ်အထိ ၂ နှစ်ကျော် ကြာမြင့်နေ ပြီ ဖြစ်သဖြင့် ဒေသခံများမှာ ကြွေးမြီများ တင်ရှိကာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ထို့ပြင် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် မိုးခေါင်သောကြောင့် စိုက်ခင်းများ ဖြစ်ထွန်းမှု အားနည်းသည့်အပြင် ရေရှားပါးမှုကြောင့် သီးနှံအထွက်နှုန်း နည်းပါးလာသဖြင့် လစဉ် စစ်မှုထမ်းကြေးအတွက် မတတ်နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။

“တခြားမြို့နယ်တွေမှာ မိုးများလို့ မိုးနေ့တိုင်းရွာနေတာ ဒီ ကျောက်နီဘက်တော့ သိပ်မရွာဘူး။ သီးနှံတွေလည်း ထွက်နှုန်းနည်းတယ်။ သနပ်ဖက်လုပ်တာလည်း ဈေးက သိပ်မရဘူး။ တစ်လ တစ်လ အိမ်စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေရတာ။ စစ်မှုထမ်းကြေးအတွက် တစ်လ တစ်လ ပေးနိုင်ဖို့ ပွဲစားနားက ချေးငှားရင်းနဲ့ အကြွေးမြုပ် နေပြီ” ဟု ကျောက်နီကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်အုပ်စုတပ်က စစ်မှုထမ်းကြေး ကောက်ယူသော်လည်း စစ်မှုထမ်းရန်အတွက် အလှည့်ကျ မဲနှိုက်ထား ရကြောင်းနှင့် မသွားနိုင်ပါက အုပ်ချုပ်ရေးမှူးကို ငွေကြေးပေး၍ လူစားထိုး ရှာဖွေရကြောင်း အဆိုပါ အမျိုးသမီး က ဖြည့်စွက်ပြောပြသည်။

စစ်အုပ်စုတပ်သည် စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ ပြီးနောက် မြို့နယ်အလိုက် မဲနှိုက်ရွေးချယ်ခဲ့ကြပြီး မသွားနိုင်သူများမှာ ငွေကြေးပေး၍ ငှားရမ်းကာ စစ်မှုထမ်း ထည့်သွင်းခဲ့ကြရသည်။

စစ်မှုထမ်းကာလကို ၂ နှစ်မှ ၃ နှစ်အထိ သတ်မှတ်ထားသော်လည်း စစ်မှုထမ်းကာလ သက်တမ်းပြည့်သူများ သည် အသက်ရှင်ပါက နေရပ်သို့ ပြန်လွှတ်မည်ဟု ဆိုသော်လည်း စစ်အုပ်စုတပ်က ပြန်လည်ခေါ်ဆောင်သွား သည့်အတွက် နေရပ်သို့ ပြန်ခွင့်မရကြကြောင်း နီးစပ်သူများက ပြောသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...