တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ဝန်တောင်ကျေးရွာအနီးတဝိုက်တွင် ခြေကုပ်ယူ တပ်စွဲထားသည့် ရေတပ်စစ်သင်္ဘောများက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ကျွန်းစုမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား တကျော့ပြန်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတစ်ဝိုက်ရှိ ပင်လယ်ပြင်တွင် ပျူစောထီးဟုဆိုသည့် အင်အား ၆၀ ခန့် လိုက်ပါစီးနင်းလာသည့် စစ်သင်္ဘောနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့မှစတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ငမန်းက ယခုလိုပြောသည်။
“ဒီဘက်တွေမှာက ပင်လယ်ပြင်နဲ့နီးတော့ စစ်တပ်က ကုန်းကြောင်းထက် ရေကြောင်းကို အသုံးပြုတာများတယ်။ စစ်ကြောင်းထိုးတာတော့ မဟုတ်ဘူး။ အခုလက်ရှိမှာတော့ ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်နေတုန်းပဲ။ ကျနော်တို့တပ်ဖွဲ့တွေ တိုးလို့မရအောင် လာပြီး စစ်တပ်ဘက်က အခြေချတဲ့သဘောမျိုးပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ဝန်တောင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အင်အား ၈ ယောက်ခန့်ပါ ၁၁၄ စစ်သင်္ဘောငယ် ၁ စီး၊ ရှော်တောမော်ကျေးရွာဘက်မှာ အင်အား ၃၀ ဝန်းကျင်ပါသည့် ၅၆၆ စစ်သင်္ဘောကြီးတစ်စီးနှင့် ကင်းလှည့်လှုပ်ရှားသွားလာမှုများရှိနေသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယခုလို နှစ်ဖက်ပစ်ခတ်မှုများကြောင့် ကျွန်းစုအနီးတဝိုက်ရှိ ဒေသခံများအနေဖြင့် ငါးဖမ်းလုပ်ငန်းတချို့ကို ရပ်နားထားရပြီး ဒေသခံတချို့မှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျွန်းစုမြို့နယ်၊ ဒေသခံ ရွာသားတစ်ဦးက ပြောဆိုသည်။
၎င်းက “တိုက်ပွဲမဖြစ်တဲ့ ရွာတွေကိုရှောင်ရတယ်။ အသိအိမ်တွေမှာ နေရတယ်။ အခုဖြစ်နေတာက ပင်လယ်ပြင်မှာဆိုတော့ ငါးဖမ်းလုပ်ငန်းနဲ့ စက်လှေမောင်းတဲ့လုပ်ငန်းတွေကိုတော့ ခဏ ရပ်နားထားကြတယ်။ တချို့ လုပ်တဲ့သူတွေတော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အနည်းဆုံး ပြည်သူ ၃,၀၀၀ ဦးကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် FE-5 Tanintharyi ၏ လစဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။







