ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် KTV၊ ဂိမ်းရုံများတွင် အပျော်အပါး လိုက်စားမှုများ ပိုမိုများပြားလာနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူဒေသ၌ တရားဥပဒေစိုးမိုးရေး အားနည်းလာသည့်အပြင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင် လောင်းကစားလုပ်ငန်းများ ပိုမိုဝင်ရောက်လာခဲ့ပြီး ယင်းလုပ်ငန်းများနှင့်အတူ မူးယစ်ဆေးဝါး၊ ခိုးယူလုယက်မှုနှင့် လူသတ်မှုကဲ့သို့သော ဒုစရိုက်မှုများလည်း ပိုမို အဖြစ်များလာနေသည်။
ယခင်က ဘုရားသုံးဆူဒေသတွင် မူးယစ်ဆေးဝါးအဖြစ် စိတ်ကြွဆေးပြားများသာ အဓိကတွေ့ရှိရသော်လည်း လက်ရှိတွင် Happy Water နှင့် K (Ketamine) ကဲ့သို့သော မူးယစ်ဆေးဝါးများအပြင် KTV နှင့် ဂိမ်းရုံများလည်း ပိုမိုများပြားလာသည်။
ဘုရားသုံးဆူမြို့ခံ အမျိုးသမီးတစ်ဦးက “အနော(အစ်မ)တို့ သုံးဆူမှာ နေလာတာ ဟိုး ကလေးဘဝတုန်းကပေါ့။ အရင်တုန်းက မူးယစ်ဆေးဝါး ရောင်းတယ်ဆိုတာ သုံးဆူမှာက မြင်းဆေးဆိုတာ အဆိုးဆုံးပဲ ရောင်းခဲ့တယ်။ ဒီလိုမျိုး ခိုးယူမှု၊ လူသတ်မှုတွေ မရှိဘူး။ နောက်ပိုင်းကျတော့ ငါးဂိမ်းတွေ ရောက်လာတော့ လူတွေက ပျက်စီး တယ်၊ KTV တွေ ဖျက်ဆီးတယ်။ အဲ့ဒီမူးယစ်ဆေးဝါးထက်၊ ဒီမြင်းဆေးထက် စွဲလမ်းတာက ဒီ KTV တို့ ဘာတို့ ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့ပြင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ စားဝတ်နေရေး အခက်အခဲနှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် အသက် ၁၃ နှစ်မှ ၁၆ နှစ်အတွင်း လူငယ်အချို့သည် ကျောင်းဆက်မတက်နိုင်တော့ဘဲ KTV နှင့် ဂိမ်းရုံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ရာမှ အပေါင်းအသင်းမှားယွင်းပြီး မူးယစ်ဆေးဝါး သုံးစွဲသည့် လမ်းကြောင်းသို့ ရောက်ရှိလာကြသည်။
“အထူးသဖြင့် အမျိုးသမီးငယ်တွေ ၁၄၊ ၁၅၊ ၁၆ ဝန်းကျင်တွေ။ ဆေးသုံးတာတွေကတော့ တခြားမြို့ ကလာတဲ့ ဧည့်သည်တွေက ယူလာပြီး သုံးစွဲကြတာများတယ်။ ဒီလူတွေက အပြင်ကဧည့် သည်တွေ လာတာအများကြီးပဲ၊ အဲ့လိုမျိုး ရှုပ်နေတာပဲ။ ဆေးတွေ လာရောင်းတယ်၊ ဒီမူးယစ်ဆေးတွေကလည်း လူကြီးတွေ မယူလာရင် ဘယ် သူ့ဆီမှာမှ မရှိဘူး” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ရှင်းပြသည်။
မူးယစ်ဆေးဝါးများသည် ဒေသတွင်း ထုတ်လုပ်ခြင်းမဟုတ်ဘဲ အခြားဒေသများမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အာဏာပိုင်အချို့က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များတွင် ပါဝင်နေကြောင်း မြို့ခံများက သုံးသပ်ကြသည်။
ယခု ဒေသခံများ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများထံ ဆက် သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
လက်ရှိ ဘုရားသုံးဆူ နယ်စပ်ဒေသတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA) အပါအဝင် အခြားလက်နက်ကိုင် အဖွဲ့အစည်းများက သက်ဆိုင်ရာ နယ်မြေအလိုက် ထိန်းချုပ် လှုပ်ရှားလျက်ရှိသည်။
ကျားဖြန့်လုပ်ငန်းများနှင့်အတူ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ဒုစရိုက်မှုများ ပိုမိုများပြားလာခြင်းကို ဒေသခံ များက စိုးရိမ်နေကြပြီး အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်များအပေါ် သက်ရောက်မှုများကြောင့် မိဘများနှင့် လူမှုအဖွဲ့အစည်းများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။
ဓာတ်ပုံ - (ပုံဟောင်း / Crd)







