ချီဖွေ၊ ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ

ချီဖွေ၊ ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ

ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေး အခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။

မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းလိုက်တဲ့နောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းကို ပိတ်သိမ်းလိုက်တာကြောင့် အလုပ်အကိုင် ရှားပါးလာတာဖြစ်တယ်လို့ ပန်ဝါ‌ဒေသရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“ဒီမှာ ဆက်နေမယ်ဆိုရင်လည်း အလုပ်ကမရှိ စားဖို့တောင် မရှိလာတော့ဘူး။ သတ္တုဆိုဒ်အားလုံးလိုလို နားထားကြပြီ” လို့ ပြောပါတယ်။

ချီဖွေ၊ ပန်ဝါဒေသဟာ တရုတ်နယ်စပ်နဲ့ အနီးဆုံးတည်ရှိပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာပြည်နေရာအနှံ့ လူငယ်၊ လူလတ်ပိုင်း‌တွေဟာ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေ များတဲ့ဒေသဖြစ်ပါတယ်။

ဒါပေမယ့် နယ်ခြားစောင့်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့အပါအဝင် ချီ‌ဖွေမြို့ကို KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့နောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းခွင့်အပါအဝင် မြေရှားသတ္တုလုပ်ကွက် အများပိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့များလာပြီး နေရပ်ပြန်ဖို့ ခရီးစရိတ်မရှိတဲ့အထိ ခက်ခဲကြပ်တည်းနေကြတယ်လို့ ပန်ဝါဒေသရောက် ရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

“ဒီမှာ အလုပ်လာရှာနေတာလည်းကြာပြီ၊ အိမ်ကယူခဲ့တဲ့ပိုက်ဆံလည်း ကုန်နေပြီ။ အိမ်ကိုပြန်သွားရအောင်လည်း လမ်းစရိတ်ကမရှိ၊ အခုတောင် သူငယ်ချင်းဆီ ကပ်နေတာ။ အလုပ်အရမ်းရှားသွားပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေး ခက်ခဲကြပ်တည်းတဲ့အပြင် ပန်ဝါ–ချီဖွေ–မြစ်ကြီးနား လမ်းပိုင်းမှာလည်း KIA တပ်ဖွဲ့ တပ်သားသစ်စုဆောင်းတာတွေ ရှိနေတဲ့အတွက် နေရပ်ပြန်ဖို့လည်း စိုးရိမ်နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

နှစ်ပေါင်း ၅၅ ထိန်းချုပ်ထားတဲ့  ကချင်အထူးဒေသ ၁ ဌာနချုပ် ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ သိမ်းပိုက်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုလုပ်ကွက် အားလုံးနီးပါး ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

ခုလို အလုပ်ကိုင်ရှားပါးမှု‌ကြောင့် ရွှေ့ပြောင်းလုပ်သားများအပြင် ဒေသခံတွေ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနေတဲ့ ကုန်စုံဆိုင်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်း‌တွေမှာလည်း ခက်ခဲမှုရှိလာတယ်လို့ ချီဖွေမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

“အရင်လို ရောင်းမကောင်းတော့ဘူး။ ပန်ဝါဘက်က အလုပ်ဖွင့်မှ အလုပ်သမားတွေပဲ အများပိုင်းဝယ်တာ ဟုတ်တယ်။ ခုက ကုန်ခြောက်နည်းနည်းပါးပါးပဲ ရောင်းရတယ်” လို့ ပြောပါတယ်။

ပန်ဝါ၊ ချီဖွေဒေသမှာ မြေရှားလုပ်ကွက်ပေါင်း ၃၀၀ ခန့်ရှိတယ်လို့သိရပြီး လုပ်ကွက် အကြီးအသေးပေါ်မူတည်ကာ လုပ်ကွက်တစ်ကွက်မှာ လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်လို့ သိရပါတယ်။

သို့သော် ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်း ပိတ်သိမ်းသွားပြီး လတ်တလော တူးဖော်နေတဲ့ မြေရှားလုပ်ကွက် ၁၀ ခုခန့်သာရှိတော့တယ်လို့ မြေရှားလုပ်ကွက်မှာ စာရင်းကိုင်လုပ်ခဲ့ဖူးတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုပါတယ်။

မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ ပန်ဝါဒေသဟာ နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့တဲ့ ဒေသဖြစ်သလို တရုတ်နိုင်ငံကို မြေရှား အများဆုံးတူးပို့နေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ပန်ဝါမြို့နဲ့ ချီဖွေမြို့မှာ မြေရှားတူးဖော်မှု လေးဆယ်ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်သို့ မြေရှားသတ္တုတင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်အထိ တိုးမြှင့်လာခဲ့ပြီး တူးဖော်ရေးမိုင်းအရေအတွက်အနေဖြင့် ၄၀ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့တယ်လို့ Global Witness က ပြောထားပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...