စစ်တွေ ဝါဘိုကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲ၍ နေအိမ်များ မီးလောင်

စစ်တွေ ဝါဘိုကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲ၍ နေအိမ်များ မီးလောင်
ဓာတ်ပုံ - ဖေဖော်ဝါရီလအတွင်းက ဝါဘိုကျေးရွာအား စစ်ကောင်စီက ဗုံးကြဲ၍ နေအိမ်များ မီးလောင်နေပုံ။
ဓာတ်ပုံ - ဖေဖော်ဝါရီလအတွင်းက ဝါဘိုကျေးရွာအား စစ်ကောင်စီက ဗုံးကြဲ၍ နေအိမ်များ မီးလောင်နေပုံ။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီက ယနေ့ မတ်လ ၆ ရက် နံနက်တွင် ဒရုန်းဖြင့် ဗုံးလာကြဲ၍ နေအိမ်များ မီးလောင်သွားသည်ဟု သိရသည်။

ယနေ့ နံနက် ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီက ဒရုန်းများဖြင့် ဗုံးအကြိမ်ကြိမ် လာကြဲချသည့်အတွက် နေအိမ်များ မီးလောင်သွားခြင်းဖြစ်သည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီနေ့မနက် ၇ နာရီကျော်ကနေ တစ်ကြိမ်ချင်း၊ တစ်ကြိမ်ချင်းစီလာကြဲတယ်။ ၉ နာရီလောက်မှာ ရပ်သွားတယ်။ အိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ ဘယ်နှစ်ဆောင်လဲ အတိအကျမသိရဘူး။ မီးခိုးထွက်နေတာတော့တွေ့တယ်" ဟု ပြောသည်။

ဝါဘိုကျေးရွာမှ ဒေသခံများသည် ယခင်ကပင် စစ်ဘေးရှောင်နေကြပြီဟု သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ဝါဘိုကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲချခဲ့သည့်အတွက် နေအိမ် ၁၀ ဆောင်ထက်မနည်း မီးလောင်ခဲ့‌ကြောင်း သိရသည်။

ဝါဘိုကျေးရွာ၏ တဖက်ကမ်း ဂန့်ဂေါ်ကျွန်းရွာနှင့် ဇော်မဒတ်ကျေးရွာများရှိ စစ်ကောင်စီတပ်စခန်းများက ဝါဘိုကျေးရွာအပါအဝင် အနီးအနားကျေးရွာများကို လက်နက်ကြီးကျည်များဖြင့်လည်း နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဝါဘိုတဖက်ကမ်း ဂန့်ဂေါ်ကျွန်းရွာက စစ်ကောင်စီစခန်းကနေ ရွာတွေကို လက်နက်ပစ်တယ်။ တိုက်ပွဲမရှိဘူး။ တဖက်သတ်ပစ်နေတာ" ဟု ပြောသည်။

ဂန့်ဂေါ်ကျွန်းရွာတွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းများတည်ရှိပြီး စစ်သင်တန်းဆင်းမွတ်ဆလင်အပါအဝင် စစ်အင်အား ရာနှင့်ချီရှိသည်ဟု သိရသည်။

စစ်တွေမြို့နယ်မှ စစ်ကောင်စီထိန်းချုပ်ထားဆဲ ကျေးရွာများဖြစ်သည့် အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်၊ ဇော်မဒတ်၊ ဂန့်‌ဂေါ်ကျွန်း၊ ကျားမသောက် အပါအဝင် ကျေးရွာအများအပြားကို စစ်ကောင်စီက အကာအကွယ်ယူပြီး အာရက္ခတပ်တော် (AA) အား ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း စစ်တွေမြို့နယ်၊ မင်းလှ (ခေါ်) မီးလောင်ရွာကို စစ်ကောင်စီအခြေစိုက်တပ်ရင်းက လက်နက်ကျည်ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ် (၁၀) ဆောင်ခန့် ပျက်စီးခဲ့ရသည်။

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...