မိုးဗြဲမှာ စစ်ကောင်စီက မီးလောင်ဗုံးအသုံးပြုမှုကြောင့် တစ်လအတွင်း ပြည်သူ့နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီး

မိုးဗြဲမှာ စစ်ကောင်စီက မီးလောင်ဗုံးအသုံးပြုမှုကြောင့် တစ်လအတွင်း ပြည်သူ့နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီး
ဓါတ်ပုံ - Ko Gyi Thein Tun
ဓါတ်ပုံ - Ko Gyi Thein Tun

ရှမ်း-ကရင်နီပြည် နယ်စပ်က မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်နေတာကြောင့် ဖေဖော်ဝါရီလ တစ်လအတွင်း ပြည်သူ့နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိက လက်နက်ကြီးပစ်ခတ်ပြီး မီးလောင်တာတွေ မီးလောင်ဗုံးသုံးပြီး ဗုံးကြဲတာတွေက သိရတယ်လေ။ အဓိက, က ဒီမိုးဗြဲမှာ ဖြစ်သွားတဲ့ဟာတွေပေါ့။ မိုးဗြဲထဲမှာကတော့ အရင်လက ၅၀ ဒီလကတော့ ၃၀ လောက်လို့ ပြောတာရှိတယ်ပေါ့“ လို့ ဦးဗညားက ဆိုပါတယ်။

လက်ရှိ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက်၊ နေရာနဲ့ အချက်အလက် အသေးစိတ်ကိုတော့ ကောက်ယူရရှိဖို့ ခက်ခဲသေးတာကြောင့် ပြန်လည်ကောက်ယူသွားဖို့ရှိတယ်လို့ ဦးဗညားက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက မိုးဗြဲမြို့ပေါ်ကို မီးလောင်ဗုံးတွေနဲ့ စတင်အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တစ်ဖန်ပြန်လည်အသုံးပြုနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက အခုလိုပြောပါတယ်။

“မိုးဗြဲမှာ မီးလောင်ဗုံးသုံးတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကဖြစ်တယ်။ အခုတစ်ဖန်ပေါ့နော် ဒီဖေဖော်ဝါရီလမှာ စပြီးတော့ ပြန်ပြီးသုံးလာတယ်ပေါ့နော်။ ဒရုန်းကနေပြီး ဒီမီးလောင်ဗုံးတွေ ကြဲချတာမျိုးတွေ။ နောက်ပြီး ဓါတုဗုံးတွေသုံးတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်ပေါ့နော်။ နေအိမ်ကတော့ ထိခိုက်ပျက်စီးမှုတွေ အများကြီးရှိတယ်။ မီးလောင်ဗုံးတွေကြောင့် လေယာဥ်ဗုံးကြဲတာကြောင့် ရှိတယ်။ ဒါပေမဲ့ ဒီလတ်တလော ဘယ်လောက်ရှိလဲဆိုတာကိုတော့ အသေးစိတ်ရရှိဖို့ ခက်တယ်ပေါ့နော်“ လို့ တာအယ်စိုးက ဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေတဲ့ မိုးဗြဲမြို့မှာ ယခုလ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုအပြင် မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် လုံခြုံရေးအရ မိုးဗြဲမြို့အတွင်း အများပြည်သူ ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ၂၈ ရက်နေ့အထိ (၅) ရက်တာ ယာယီပိတ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

မိုးဗြဲမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ နေအိမ်မီးလောင်ပျက်စီးမှု အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ အသိပေးထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်း စစ်ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ နေအိမ်ပေါင်း (၂၈၉၇) ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...