နယူးဒေလီမြို့က မြန်မာနိုင်ငံသားများ UN ကဒ် ကိုင်ဆောင်ခြင်း ရှိ/မရှိ အိန္ဒိယရဲမှ စစ်ဆေးမှုများရှိနေ

နယူးဒေလီမြို့က မြန်မာနိုင်ငံသားများ UN ကဒ် ကိုင်ဆောင်ခြင်း ရှိ/မရှိ အိန္ဒိယရဲမှ စစ်ဆေးမှုများရှိနေ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကို ဒေသတွင်းအာဏာပိုင်းများက UN ကဒ် ကိုင်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးမှုများ ရှိနေသည်။

ဖေဖော်ဝါရီလ ၂၃ ရက် တနဂ်နွေနေ့ မနက်ပိုင်းက နယူဒေလီမြို့၊ ဘိုဒဲလားရပ်ကွက်ရှိ Burmese Christian Association- BCA အသင်းတော် ဝတ်ပြုခြင်းအစီအစဉ်တွင် အိန္ဒိယရဲများက  ကြိုတင်သတင်းပေးခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားပြီး UN card ကိုင်ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည်ဟု BCA အသင်းသားတစ်ဦးက ပြောသည်။

“UN card တွေကို ပြခိုင်းတယ်၊ ပါတဲ့သူက ကဒ်ပြ၊ မပါတဲ့သူက ဖုန်းနဲ့ ဓါတ်ပုံပြကြတယ်။ မနေ့က ဖမ်းတာတော့မရှိဘူး။ ရဲ ၂ ယောက် ၃ ယောက်လောက်က လာစစ်တာ၊ သူတို့ ဝတ်စုံတောင် မဝတ်ကြဘူး။ ကျွန်တော်တို့တွေရော၊ ရိုဟင်ဂျာတွေရော စစ်တာ၊ အစိုးရက permit မရှိတဲ့သူ၊ UN card မရှိတဲ့သူတွေကို ဖမ်းဖို့တဲ့၊ ဖမ်းပြီးရင်တော့ မြန်မာကို ပြန်ပို့ဖို့လို့တော့ သိရတယ်။ စိုးရိမ်စရာကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကဒ်ရှိဖို့တော့ လိုတာပေါ့“ ဟု BCA အသင်းသားတစ်ဦးက ပြောသည်။

BCA ဘုရားကျောင်းအပြင် GBCF ဘုရားကျောင်းနှင့် အချို့ အဆောက်အအုံများတွင်လည်း ဝင်ရောက်စစ်ဆေးခြင်းများရှိသည်ဟု သိရသည်။

လက်ရှိ နယူးဒေလီရောက် မြန်မာနိုင်ငံသားများအနေဖြင့် အစိုးရ သို့မဟုတ် UNHCR ၏ အသိအမှတ်ပြုသည့် ကဒ်တစ်ခုခု ကိုင်ဆောင်ကြောင်း ပြသနိုင်ပါက စိုးရိမ်လွန်ခြင်းမရှိဘဲ သတိနှင့် သွားလာနိုင်ကြောင်း Chin Refugee Committee မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“UN card ရှိရင် ဘာမှမဖြစ်ပါဘူး၊ မနေ့ကစစ်တဲ့အတိုင်းဆိုရင် UN card ဒါမှမဟုတ် Addhar card ရှိ/မရှိစစ်တယ်၊ မရှိရင် မြန်မာပြည် ပြန်ပို့မယ်ဆိုတဲ့သဘောလို့ သိရတယ်။ အရေးကြီးတာက တိကျတဲ့ ကဒ် တစ်ခုခု လိုအပ်တာပေါ့နော်။ ဘယ်သွားသွား UN card မူရင်း ဒါမှမဟုတ် ဖုန်းနဲ့ ပြနိုင်ဖို့လိုတယ်။ ဘယ်နေရာပဲသွားသွား သတိရှိဖို့ လိုပါမယ်။ အစစ်ခံခဲ့လို့ရှိရင်လဲ မလေးရှားကရဲတွေလို အရမ်းကြောက်စရာမလိုဘူး၊ ရဲလား ရဲဖြစ်ကြောင်း ကဒ်‌ပြပေးပါအုံး၊ ဘယ်ဌာနကလဲဆိုတာတွေ ပြန်မေးလို့ရပါတယ်။ ကျွန်တော်တို့က Refugee ဖြစ်တဲ့အတွက် အခက်အခဲတစ်ခုခုကြုံရင် UN ကို အကူအညီတောင်းရမှာဖြစ်တယ်။ အရင်ကထိတော့ ဒီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း၊ ဉပဒေတွေကို လိုက်နာတယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်။ အရမ်းကြီး စိုးရိမ်ဖို့မလိုဘူး သတိနဲ့ သွားလာကြရမှာပေါ့နော်” ဟု Chin Refugee Committee မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က အိန္ဒိယတာဝန်ရှိသူများအနေဖြင့် နယူးဒေလီရှိ ဒုက္ခသည်များကို ယခုကဲ့သို့ စစ်ဆေးမေးမြန်းခြင်း မရှိသော်လည်း ချင်းဒုက္ခသည်များနေထိုင်သည့် ရပ်ကွက်အချို့ရှိ တိုက်ခန်းများတွင် ရံဖန်ရံခါ စစ်ဆေးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် အစိုးရ သို့မဟုတ် UNHCR ကဒ် ကိုင်ဆောင်သူဖြစ်ကြောင်း ပြသနိုင်ရမည့်အပြင် မိမိ၏ လက်ရှိနေထိုင်သော အခန်းကို အမှန်တကယ် ငှားရမ်းနေထိုင်သူဖြစ်ကြောင်း အိမ်ရှင်နှင့် သဘောတူညီချက်ကိုလည်း ပြသနိုင်ရန်  ပြင်ဆင်သင့်ကြောင်း သိရသည်။

နယူးဒေလီရှိ ဒုက္ခသည်များအားလုံးအ‌နေဖြင့် လတ်တလောအခြေအနေတွင် UN card များ သက်တမ်းကုန်ဆုံးနေပါက အမြန်ဆုံး သက်တမ်းတိုးမှု ပြုလုပ်ထားကြရန် CRC ကလည်း သတိပေးထားသည်။

လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ချင်းစစ်ဘေးရှောင်များအပါအဝင် မြန်မာစစ်ဘေးရှောင် တစ်သောင်းကျော် နေထိုင်ကြောင်း၊ ၎င်းတို့အထဲမှ အယောက် ၃,၀၀၀ ဝန်းကျင်မှာ UNHCR ကဒ် ကိုင်ဆောင်သူများဖြစ်ကြပြီး၊ အများစုမှာ Asylum Seeker ကဒ် ကိုင်ဆောင်သူများဖြစ်ကြောင်း CRC ဥက္ကဌ၏ ပြောပြချက်အရ သိရသည်။

April 9, 2026
အာဏာသိမ်း စစ်ကော်မရှင်သည် တရားဝင်မှု အပေါ်ယံလွှာကို ဖန်းတီးနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲ...
April 8, 2026
လက်ရှိ စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွင်းထန်ကိုပင် စစ်အစိုးရသစ်၏...
April 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃)ရက်နေ့က...
April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...