ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန် ကောက်ခံမှုမှတစ်ဆင့် တစ်လလျှင် ကျပ်သန်း ၁၅၀၀ ခန့် ရရှိနိုင်ကြောင်း (ISP-Myanmar) စစ်တမ်းက ဆိုသည်။
ပလက်ဝခရိုင် အပါအဝင် ရခိုင်ဒေသကို ခရိုင် ၈ ခုဖြင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော ULA/AA သည် ရေခွန်၊ မီးခွန်၊ မြူနီစီပယ်ခွန်၊ မီးလုံခြုံရေးခွန်များမှ တစ်လလျှင် အခွန်ငွေ ကျပ်သန်း ၅၀၀ ခန့် ရရှိနိုင်ပြီး အင်တာနက် အသုံးပြုခ ကောက်ခံမှုမှလည်း ကျပ်သန်း ၁,၀၀၀ ခန့် ရရှိနိုင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ISP - Myanmar ၏ ‘ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ်’ ဟု အမည် ပေးထားသော ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ စစ်တမ်းတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ စစ်တမ်းတွင် ခရိုင်တစ်ခုချင်းစီမှ ကောက်ခံရရှိသော အခွန်ပမာဏကို သီးခြား ဖော်ပြထားခြင်း မရှိပေ။
အခွန်အမျိုးအစား အနေဖြင့် လုပ်ငန်းခွန်၊ ကုန်သွယ်ခွန်ကဲ့သို့ စီးပွားရေး အခွန်များကို ကောက်ယူနေသည့်အပြင် လစဉ်အခွန်အဖြစ် ရေခွန်၊ မီးလုံခြုံရေးခွန်၊ မြူနီစီပယ်ခွန်၊ အိမ်ခွန်၊ ဆိုင်ခန်းခွန်၊ စတားလင့် အေးဂျင့်ခွန်များကို လည်း ကောက်ခံလျက်ရှိသည်။
ရရှိလာသော အခွန်များကို စစ်ရေး လိုအပ်ချက်များတွင် အများဆုံး အသုံးပြုပြီး လမ်းပြင်ဆင်ခြင်းနှင့် ကျန်းမာ ရေး ကဏ္ဍများတွင်လည်း သုံးစွဲကြောင်း ရခိုင်ပြည်သူများက ထင်မြင်ယူဆကြသည်။
ULA/AA ၏ ရခိုင်ပြည် အတွင်းရှိ ထိန်းချုပ်ဒေသများအတွက် ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါလှသော ပလက်ဝခရိုင်အတွင်းမှလည်း အခွန်ငွေ အများအပြား ရရှိနိုင်ကြောင်း ချင်းတော်လှန်ရေး အင်အားစုအချို့က ဆိုသည်။
မီဇိုရမ်တွင် နေထိုင်သည့် ချင်းပြည်သူတစ်ဦးက “ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့ နောက်ပိုင်း စစ်ကောင်စီကလည်း နေ့စဉ်နဲ့အမျှ လေကြောင်းကနေ တောက်လျှောက် တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည် နယ်မှာက ကျန်းမာရေး စောင့်ရှောက်မှုတွေ တော်တော်များများက ရပ်တန့်သွားတယ်။ ပြီးတော့ ကုန်စည် စီးဆင်းမှုတွေက အစ၊ ရပ်တန့်သွားတယ်။ အဲဒီနောက် ဒီဘက် အိန္ဒိယ၊ မီဇိုရမ်ဘက်ကိုပဲ အားကိုးနေရတာပေါ့ နော်။ ကုန်ပစ္စည်းတွေက အစ၊ ဒီဘက်အိန္ဒိယကနေပဲ ပလက်ဝကနေ တဆင့် ရခိုင်ဘက်ကို စီးဆင်းသွား တာပေါ့နော်” ဟု ပြောသည်။
ULA/AA သည် အခွန်ဌာနကို ဗဟို၊ ခရိုင်၊ မြို့နယ် ဟူ၍ အဆင့် ၃ ဆင့် ဖွဲ့စည်းထားပြီး ဗဟိုအဆင့်က မူဝါဒ ချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ပြုလုပ်ကာ မြို့နယ်အဆင့်က တာဝန်ယူ၍ အဆင့်ဆင့် အခွန်ကောက်ခံခြင်း ဖြစ်သည်။
အခွန်နှုန်းထားနှင့် မူဘောင်ကို ဗဟိုမှ ချမှတ်သော်လည်း မြေပြင် အကောင်အထည်ဖော်မှု ပိုင်းတွင် ဒေသ အလိုက် ကွဲပြားမှုများ ရှိနေပြီး အခွန်ဦးစီးဌာန အပြင် အခြားဌာနပိုင်းဆိုင်ရာများကလည်း သီးခြား အခွန်ကောက် ခံလျက်ရှိသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆေးကုသမှုနှင့် အခွန်ရရှိမှု အခြေအနေကိုလည်း ၎င်းက “အဲလိုပဲ ကျန်းမာရေး မကောင်းတဲ့ ရခိုင်ဘက်က လူနာတွေဆိုရင်လည်း မီဇိုရမ်ဘက်မှာပဲ သူတို့ လာပြီးတော့ ဆေးကုသမှု ခံယူကြတာ ပေါ့နော်။ ဆိုတော့ မီဇိုရမ်ကို အဝင်အထွက်က ပလက်ဝကပဲ လုပ်ရတာဆိုတော့ ပလက်ဝမှာ အခွန်ကောက်ခံမှု ကနေ တော်တော်များများလည်း ရရှိနိုင်မယ်လို့ ထင်တယ်။ အဲဒီကနေ ဝင်တဲ့ အခွန်ငွေကို အေအေက အဓိက ရရှိနိုင်တယ်လို့လည်းသုံးသပ်ရတယ်” ဟု ဆက် ပြောသည်။
ပြေစာဖြတ်ပိုင်းများဖြင့် စနစ်တကျ အခွန်ကောက်ခံခြင်း ရှိသကဲ့သို့ ဗဟိုမှ သတ်မှတ်ထားသော နှုန်းထက် တိုးမြှင့် ကောက်ခံသည့် မြို့နယ်များလည်း ရှိကြောင်း၊ အခွန်ကောက်ခံမှုများတွင် တပြေးညီ ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာစွာ ချပြနိုင်ရေး ဆောင်ရွက်ရန် လိုအပ်နေကြောင်း ISP - Myanmar က ထောက်ပြထားသည်။
ULA/AA သည် ချင်းပြည် တောင်ပိုင်း ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်းရှိ မြို့နယ်ပေါင်း ၁၅ ခုကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။
ယခု အခွန်ကောက်ခံမှု အခြေအနေနှင့် ပတ်သက်၍ ULA/AA ဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့ သော်လည်း ဆက်သွယ်၍ မရသေးပေ။







