ကလေးမြို့နယ် တောင်ပိုင်း စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှု အသက် (၅) နှစ်အရွယ် ကလေးအပါအဝင် (၉) ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ကလေးမြို့နယ် တောင်ပိုင်း စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှု အသက် (၅) နှစ်အရွယ် ကလေးအပါအဝင် (၉) ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကုက္ကိုလ်ကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင်  အသက် (၅) နှစ်အရွယ် ကလေးအပါအဝင် စစ်ရှောင် အရပ်သားပြည်သူ  (၉) ဦးသေဆုံးကာ (၁၇) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကူညီကယ်ဆယ်သူများထံမှ သိရသည်။

ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေ ငါးနာရီအချိန်တွင် စစ်ကောင်စီသည် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကာ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်ဟု ကုက္ကိုလ်ကျေးရွာမှ ကူညီကယ်ဆယ်ရေးပြုလုပ်နေသူက ပြောသည်။

“ဒဏ်ရာရတဲ့ လူဦးရေ (၁၇) ဦး၊ ပြင်းထန်ဒဏ်ရာရ (၅) ယောက်ပါတယ်။ သေဆုံးသူက (၉) ဦး၊ ကလေးတယောက်က အတည်မပြုရသေးဘူး။ တဲ က မီးလောင်ပြာကျသွားတာ (၅) လုံး၊ အနောက်နားမှာကွဲတာ လွင့်စင်သွားတာ တဲက (၇) လုံး တဲနေရာတွေတောင် ပျောက်သွားတယ်။ အကုန်လုံး လွင့်ထွက်ကုန်တာ ဝါးလေးတွေပဲပြန်ရတယ်။ စာသင်ကျောင်းနံရံတွေ၊ သွပ်တွေပဲ ပျက်စီးတာ လုံးလုံးပျက်စီးတာ မဟုတ်ဘူး” ဟု ကုက္ကိုလ်ရွာမှ ကူညီကယ်ဆယ်ပေးသူက ပြောသည်။

အရပ်သားပြည်သူများမှာ ကုက္ကိုလ်ရွာ၊ အင်ကြင်းကျေးရွာ၊ ကျောက်ဆည်ကျေးရွာနှင့် ဟံသာဝတီကျေးရွာတို့မှ  စစ်ဘေးရှောင်ပြည်သူများဖြစ်ကြသည်။

အဆိုပါ သေဆုံးသူများမှာ -  မောင်မောင် (၅ နှစ်)၊ ဖြိုးဖြိုးပွင့် (၈ နှစ်)၊ မမဲသူစိန် (၁၂ နှစ်)၊ ဒေါ်မှတ်သား (၂၅) နှစ်၊ ဒေါ်မိတင် (၄၀ နှစ်)၊ ကိုးတန်းကျောင်းသူ အိတင်ဖြိုး (၁၇ နှစ်)၊ (၆) အသက် (၄၆) နှစ်အရွယ် ဒေါ်ချိုမာဝင်း (၄၆ နှစ်)၊ ဒေါ်သန်းစု (၃၅ နှစ်) နှင့် နာမည်အတည်ပြု၍မရသေးသော အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ကြသည်။

ကုက္ကိုလ်ကျေးရွာသည် ကလေးမြို့နှင့် ခန့်မှန်းခြေ (၁၅) မိုင်ခန့်ကွာအဝေးပြီး ယင်းကျေးရွာတွင် စစ်ဘေးရှောင် အိမ်ထောင်စု (၉၀) နှင့် လူဦးရေ (၂၀၀) ကျော် စစ်ဘေးရှောင် ခိုလှုံနေကြသည်ဟု သိရသည်။

လက်ရှိ ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်မည်ကို စိုးရိမ်နေကြသောကြောင့် ကုက္ကိုလ်ကျေးရွာအပြင် တင်သားကျေးရွာ၊ ဒိုးနွယ်ကျေးရွာ၊ အရှေ့စည်းကျေးရွာ၊ မြောက်စည်းကျေးရွာ၊ ရေရှင်ကျေးရွာ၊ ရှားတောကျေးရွာ၊ ကြံသာကျေးရွာမှ ပြည်သူ ထောင်ချီတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...