ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်ခေါ်ယူရေးအစီအစဉ် ဆိုင်းငံ့မှုကြောင့် နယူးဒေလီမြို့က တတိယပြည်ဝင်ခွင့်ရရှိသူများ အခက်တွေ့

ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်ခေါ်ယူရေးအစီအစဉ် ဆိုင်းငံ့မှုကြောင့် နယူးဒေလီမြို့က တတိယပြည်ဝင်ခွင့်ရရှိသူများ အခက်တွေ့

အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်များ လက်ခံခေါ်ယူရေးအစီအစဉ် ဆိုင်းငံ့သည့် အမိန့်ထုတ်ပြန်မှုကြောင့် နယူးဒေလီမြို့က တတိယနိုင်ငံ ပြည်ဝင်ခွင့်ရရှိထားသော မြန်မာဒုက္ခသည်များ အခက်ကြုံတွေ့နေကြရသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုကို အခြေခံချခွင့်ရရှိထားသည့် ချင်းစစ်ဘေးဒုက္ခသည် မိသားစုဝင်အတော်များများသည် ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သော ဒေါ်နယ်ထရမ့်၏ အမိန့်ကြောင့် ၎င်းတို့၏ အမေရိကန်ကို အခြေချခွင့်အိမ်မက်များ ပျောက်ကွယ်ခဲ့ရသည်ဟု နယူးဒေလီတွင် ဒုက္ခသည်အဖြစ် ၁၄ နှစ်ကြာ နေထိုင်ပြီးနောက် မိသားစုအလိုက် အမေရိကန်သို့ ပြည်ဝင်ခွင့်ရရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“အခု တစ်ချို့ဆို တော်တော်ကို အခက်တွေ့နေကြတာ၊ လေယာဉ်လက်မှတ်ရပြီးသား၊ ထွက်ရမယ့်ရက် သေချာပြီးသားလူတွေ ပါတယ်လေ၊ ကျွန်တော်တို့ဆို အမေရိကန်မှာ ဘယ်လိုနေထိုင်ရမယ် စသဖြင့် သင်ပေးတဲ့ သင်တန်းတောင် တက်ပြီးသွားပြီ။ သင်တန်းထဲက တစ်ချို့ဆို သူတို့နေတဲ့အိမ်ကို အပ်ထားပြီးသားတို့၊ သူတို့ပစ္စည်းတွေဆို တစ်ဝက်ဈေးနဲ့ ရောင်းထားပြီးသားတို့၊ အခု ရုတ်တရက် ဆိုင်းငံ့ခံရတော့ ပြန်တောင်းလို့လဲမရ၊ တော်တော်ဒုက္ခရောက်ကြရတယ်၊ လောလောဆယ်တော့ အဆင်ပြေသလိုပဲ နေထိုင်ကြရမယ်၊ အခု သူတို့ဆို နေရေးထိုင်ရေးအတွက် အသစ်ကနေ ပြန်စရမလား၊ ရှိတာနဲ့ အဆင်ပြေသလိုပဲ နေရမလားပေါ့။ စိတ်တော့မကောင်းဘူး၊ ကျွန်တော်တို့ကတော့ ပြောပဲပြောထားပြီး မရောင်းရသေးလို့ တော်သေးတာ” ဟု ၎င်းက ပြောသည်။

ယခုခရီးစဉ် ဖျက်သိမ်းခံရသူအများစုမှာ Welcome Corps ဖြင့် အမေရိကန်ကို အခြေချခွင့် ရရှိသူများဖြစ်သည်ဟုသိရပြီး လူဦးရေမည်မျှရှိသည်ကိုမူ အတိအကျ မသိနိုင်သေးကြောင်း နယူးဒေလီမြို့က ချင်းစစ်ဘေးရှောင်ကော်မတီထံမှ သိရသည်။

အမေရိကန်ပြည်ထောင်စုမှာ အခြေချရန်အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ကြသည့် ဒုက္ခသည်များသည် ယခုကဲ့သို့ ရုတ်တရက် ခရီးစဉ်ဖျက်သိမ်းခံလိုက်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရသည်ဟု နယူးဒေလီတွင် ၁၄ နှစ်ခန့်ကြာ ဒုက္ခသည်အဖြစ် နေထိုင်သူ ဆရာတွောင်ပီးက ပြောသည်။

“ဒီသတင်းကြားလိုက်တော့ ဆယ်စုနှစ်ကျော် စောင့်မျှော်လာခဲ့တာ အခုတော့ ဘာဖြစ်သွားမလဲပေါ့၊ ကျွန်တော်တို့ တကယ် စိတ်ဓါတ်ကျမိတယ်၊ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့ ဒေါနယ်ထရမ့်ပြောတာက အပြီးဖျက်သိမ်းတာမျိုးမဟုတ်ဘဲ ၃ လပေါ့နော်၊ ခဏ ဆိုင်းငံ့တဲ့ဟာဆိုတော့ ကျွန်တော်တို့အချင်းချင်း ဘယ်လိုအားပြန်မွေးရလဲဆိုရင် ၁၄ နှစ် တောင် စောင့်လာခဲ့ပြီပဲ၊ ဒီ ၃ လက ဘယ်လောက်ကြာမှာမို့လဲပေါ့၊ ဒီလိုနဲ့ ကုန်သွားမှာပါလို့ အားယူနေရပါတယ်။ ပြန်ပြီး အဆင်ပြေသွားမယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု ဆရာတွောင်ပီးက ပြောသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် ချင်းလူမျိုးများအပါအဝင် မြန်မာစစ်ဘေးရှောင် ၁ သောင်းကျော်နေထိုင်ကြပြီး ယင်းအနက် အယောက် ၃,၀၀၀ ဝန်းကျင်သာ UNHCR ကဒ် ကိုင်ဆောင်သူများဖြစ်ကြသည်ဟု သိရသည်။

အများစုမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ရောက်ရှိလာကြသူများဖြစ်ကြပြီး Asylum seeker (ခိုလှုံခွင့်လျှောက်ထားသူ) အဖြစ်သာ သတ်မှတ်ခံရသူများဖြစ်ကြောင်း Chin Refugee Committee (CRC) ဥက္ကဌ၏ ပြောပြချက်အရ သိရသည်။

၎င်းတို့ကို UNHCR မှ ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရကာ အချို့မှာ လက်လုပ်လက်စားအဖြစ် အလုပ်ကြမ်း၊ စက်ရုံအလုပ်၊ အိမ်အကူ၊ အရောင်းအဝယ်၊ call center စသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာ့အရေးအပါအဝင် ကမ္ဘာ့အရေး ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာဒုက္ခသည်များအနေဖြင့် မိမိကိုယ်သာ အားကိုးရာဖြစ်ကြောင်း၊ နေရာအလိုက် လိုက်လျောညီထွေ နေထိုင်တတ်ရန် လိုအပ်ကြောင်းနှင့် ဒုက္ခသည်ခရီးစဉ် ဆိုင်းငံ့ခံရမှုကြောင့် အားမလျှော့ကြရန် CRC ဥက္ကဌ မစုထွေးအောင်က တိုက်တွန်းသည်။

“စစ်ဘေးရှောင်တွေကို အဓိက အားပေးချင်တာကတော့ ကိုယ့်အားကိုကိုးရမယ်၊ အားလုံးကို capacity building လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ဖြည့်စွက်ကြဖို့ အားပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးပဲဖြစ်ဖြစ်၊ မြန်မာ့နိုင်ငံရေးပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေ အမျိုးမျိုးဖြစ်သွားနိုင်တယ်။ နောက်ဆုံး ကိုယ့်ကိုကိုယ်သာ အရေးကြီးဆုံးဖြစ်တယ်။ နောက်ပြီး သူများနိုင်ငံမှာ နေတာဖြစ်တဲ့အတွက် သူများနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်လျောညီထွေနေတတ်ဖို့နဲ့ နောက် ဒေါ်နယ်ထရမ့်ကလဲ ဒုက္ခသည်တွေကို ပြန်ပြီးတော့မှ သုံးသပ်မဲ့ အနေအထားရှိပါတယ်လို့ အားမငယ်၊ စိတ်ဓါတ်မကျဘဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ကို တိုက်တွန်းလိုပါတယ်” ဟု CRC ဥက္ကဌက ပြောသည်။

Chin Refugee Committee (CRC) သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာလူမျိုးများအပါအဝင် ချင်းစစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့အစည်း ၁၂ ခုဖြင့် ဖွဲ့စည်းထားသည်။

CRC အနေဖြင့် မြန်မာပြည်တွင်းမှ စစ်ရှောင်များအပါအဝင် ချင်းစစ်ဘေးရှောင် ကလေးငယ် ၂ နှစ်ခွဲမှ ၅ နှစ်အတွက် မူကြိုကျောင်း၊ လူလတ်ပိုင်းနှင့် အသက်ကြီးပိုင်းများအတွက် အဂ်လိပ်၊ ဟင်ဒီဘာဘာသာစကား အတတ်သင် သင်တန်းများကို နယူးဒေလီမြို့ရှိ ချင်း၊ မြန်မာ စစ်ဘေးရှောင်အများစုနေထိုင်သော Hatsal, Budhela နှင့် C1 တွင် ဖွင့်လှစ်ထားနိုင်ကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...