ကလေးမြို့အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသား မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေ

ကလေးမြို့အကျဉ်းထောင် အာဏာပိုင်များက အကျဉ်းသား မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင် အာဏာပိုင်များသည် အကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများရှိနေကြောင်း အကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

ကလေးအကျဉ်းဦးစီးဌာန အကျဉ်းထောင်တာဝန်ခံ အရာရှိ ဦးအောင်စိုးဟိန်းနှင့် ထောင်လုံခြုံရေး တာဝန်ခံအရာရှိ ဟန်ဝင်းအောင်တို့သည် အကျဉ်းသားများ နေရေးထိုင်ရေးနှင့် လျှော့ရက်ခံစားခွင့်များ သက်သာခွင့် စဉ်းစားပေးမည်ဟုဆိုကာ အကျဉ်းသားများ၏ ဇနီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုမှုများရှိနေကြောင်း အမည်မဖော်လိုသော အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။

“အစကတော့ ထောင်ပိုင်ကြီးနဲ့ အဆက်သွယ်ရရင် ကျမအမျိုးသားအတွက် အထဲမှာ အဆင်ပြေမယ်ဆိုပြီး ကျမဖုန်းနံပါတ် ပေးလိုက်တာပါ။ ကျမယောကျာ်းနဲ့ ဧည့်တွေ့ပြီး အိမ်ပြန်ရောက်တော့မှ ဖုန်းဆက်လာတယ်။ ထောင်ပိုင်ကြီးက သူ့ကို အဘ၊ ဦးလေးလို့ခေါ်တာကို အဲ့လိုမခေါ်နဲ့ ကိုကြီးလို့ခေါ်ပါ၊ ပြီးတော့ သူနဲ့ သီးသန့်ချိန်းတွေ့ အတူနေပေးရင် အမျိုးသားကိုလည်း လျှော့ရက်တွေရမယ်။ လုပ်ပေးလို့ရတယ်။ အဲ့လိုလာပြောသွားတယ်။ အဲ့လိုအပြောခံရတော့ ကျမ အရမ်းကြောက်သွားတယ်၊ ရှက်လည်းရှက်တယ်။ တခါမှလည်း အဲ့လို အပြောမခံရဖူးဘူး။ ဒါကြောင့် ကျမလည်း တခြားသူတွေဆီ စုံစမ်းကြည့်သေးတယ်၊ တခြားသူတွေလည်း အဲ့လိုအပြောခံရတယ်လို့ ထပ်သိရတယ်။ သူနဲ့ ဗိုလ်လေး ဟန်ဝင်းအောင်က အကျဉ်းသူတွေကိုတောင် ထိကပါး၊ ရိကပါး ပြောတာတွေလည်းရှိတယ်လို့လည်း သိရတယ် ကြားရတယ်” ဟု အကျဉ်းသား မိသားစုဝင်က ပြောသည်။

ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အသားယူပြောဆိုမှုများ ကြုံနေရသည့်အပြင် ငွေကြေးတောင်းခံခြင်း၊ ကုန်ပစ္စည်းများဝယ်ပေးရန် တောင်းခံခြင်းများလည်း ကြုံနေရသည်ဟု သိရသည်။

အမည်မဖော်လိုသူ အကျဉ်းသား မိသားစုဝင်တစ်ဦးက “အကျဉ်းဦးစီးထဲက တချို့ ဗိုလ်လေးတွေလည်း အဲ့လိုပဲ။ အကျဉ်းသားတွေရဲ့ဇနီး၊ မိသားစုဝင်တွေဆီ အထူးသဖြင့် မိန်းကလေးတွေကို ဦးတည်ကြတာ။ သူတို့က ထောင်ကျနေတဲ့ သူတို့ယောကျားတွေအတွက် ဟိုဟာဒီဟာ လုပ်ပေးလို့ရတယ်၊ ထောင်ထဲရောက်နေတဲ့သူတွေအတွက် စဉ်းစားပေးနော်။ ငါ့အတွက်တော့ ပိုက်ဆံဘယ်လောက်ပေး၊ သင်တန်းသွားမှာ ခရီးစရိတ်ပေး၊ မုန့်ဝယ်ပေး၊ နာရီလေးလိုချင်လို့ ဝယ်ပေး အဲလို စသဖြင့်ပေါ့ တောင်းတာရှိတယ်။ တကယ်ကို အဓိပ္ပာယ်မရှိတာတွေ လုပ်နေကြတာ။ သိက္ခာကိုမရှိကြဘူး” ဟု ပြောသည်။

ယခုလက်ရှိ ကလေးမြို့အကျဉ်းထောင်တွင် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း (၁,၅၀၀) နီးပါးရှိသည်ဟု သိရပြီး ယင်းအနက် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ စုစုပေါင်းမှာ (၅၀၀) နီးပါးရှိသည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...